စက်တင်ဘာ ၈၊ ၂၀၂၃
Shy V(VOM)
တရုတ် – မြန်မာ နယ်စပ်ဝင်ခွင့် တခါသုံးကဒ်ရဖို့ နန်းတော်ဂိတ်မှာ တန်းစီနေတဲ့သူ အရမ်းများလို့ ဒီကနေ့ကစပြီး တိုကင်ပုံစံသတ်မှတ်ထားကြောင်း တန်းစီနေစူတွေနဲ့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။
“တရက် ၂၀၀ ပဲ ပေးတော့တယ်။ ၁၂ ရက်နေ့မှ တိုကင် ပြန်ပေးမှာ။ ပေးထားတဲ့လူများလို့လေ။ အခုတန်းစီနေတာ ၁ ခါသုံးကဒ်လုပ်မယ့်လူတွေပဲ၊ အရင်ရက်က နန်းတော်ဂိတ်မှာလည်း ညအိပ်စောင့်ဆိုင်းကြတဲ့သူတွေရှိတယ်”လို့ တန်းစီနေတဲ့ မိန်းကလေး(၁)ဦးက ပြောပါတယ်။
ဌာနဆိုင်ရာနဲ့ နီးစပ်သူ(၁)ဦးကလည်း “တိုကင်ဘယ်နေရာမှ မပေးပါဘူး။ နန်းတော်ပေါက်မှာ လာရောက်တန်းစီနေသူတွေကိုပဲ မနေ့က တိုကင်သဘောမျိုး ပေးလိုက်တာပါ” လို့ ပြောပါတယ်။
ဆင်ဖြူဂိတ်မှာတော့ အရင်ရက်လိုပဲ တန်းစီကြရပြီး ညအိပ်တန်းစီနေကြသူတွေလည်း အများအပြားရှိကာ ဒီမနက် အစောပိုင်းမှာတော့ မိုးတအားရွာတာကြောင့် ဒုက္ခရောက်ခဲ့ကြရတယ်လို့ တန်းစီနေတဲ့သူတွေက ပြောပါတယ်။
“အမျိုးသမီး ၂ ဦးကတော့ ဆင်ဖြူဂိတ်မှာ၂ ညအိပ် သုံးရက်မြှောက် တန်းစီနေချိန် ကဒ်ထုတ်ပေးတဲ့နား ရောက်ခါနီး မိုးကလည်းရွာ၊ အောက်ကနေလည်း ရေလျှံလာလို့ တအားချမ်းပြီး မနေနိုင်တာနဲ့ ပြန်ထွက်လာလိုက်ရတယ်၊ နေရာတော့ နှမြောတာပေါ့ တန်းစီထားရတာ။ ဘယ်လိုမှ မခံနိုင်တော့လို့ ထွက်လာလိုက်တာ။ ဒီနေ့တော့ အစကနေ ပြန်တန်းရပြီ၊ မိုးရွာရင်လည်း ဒီလိုပဲ။ အစိုခံရတာပေါ့။ ထီးမပါလည်း ဒါဆောင်းတယ်”လို့ အမျိုးသမီး ၁ ဦးက ဖော့ဖျာကို ခြေထောက်တဖက်နဲ့ ကလော်ပြရင်း ပြောပြပါတယ်။
မနက်ပိုင်းက မိုးသည်းထန်တာကြောင့် မူဆယ် တင်မက ကျယ်ဂေါင် နဲ့ ရွှေလီဘက်ပါ ရေတွေ လျှံတက်လာတာကြောင့် ရေတွေထဲကနေ တန်းစီပြီးထွက်လာခဲ့ရတယ်လို့ ရွှေလီကနေ ဆိုင်ကယ်နဲ့ တနိုင်တပိုင် ပစ္စည်းသယ်ဆောင်နေတဲ့ အမျိုးသား(၁)ဦးက ပြောပါတယ်။
လက်ရှိမှာတော့ တခါသုံးကဒ်သီးသန့် နန်းတော် ပေါက်ကနေ တရက် အယောက် ၂၀၀ သတ်မှတ်လိုက်ပြီး ဆင်ဖြူပေါက်ကနေတော့ ၆၀၀ ဝန်းကျင် ထုတ်ပေးတာရှိကာ တန်းစီနေတဲ့ လူတွေကတော့ ထောင်ချီရှိနိုင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၀ ဧပြီလဆန်းကစ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မူဆယ်မြို့က နှစ်နိုင်ငံ လူ အဝင်အထွက် ပိတ်ခဲ့တာဖြစ်ပြီး အခုလ ၄ ရက်နေ့ကစ မည်သူမဆို တရုတ်ဘက် ၆ ည အိပ် ၇ ရက် လည်ပတ်ခွင့် တခါသုံးကဒ်နဲ့ ပြန်လည် ဝင်/ထွက်ခွင့် ပြုခဲ့ရာ အဲဒီ ကဒ်လုပ်ဖို့ ရောက်လာသူတွေ များလွန်းတာကြောင့် မူဆယ်မြို့မှာတော့ ဟိုတယ်၊ တည်းခိုခန်းတွေ အားလုံးနီးပါး အခန်းတွေပြည့်နေတယ်လို့ သိရပါတယ်။
Photo: Shy V(VOM)
#voiceofmyanmar #VOM #နယ်စယ်ဝင်ခွင့်ကဒ် #တိုကင်စနစ်သတ်မှတ်