လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရတဲ့ မြိုင်မြို့

စက်တင်ဘာ ၊ ၈ ၊ ၂၀၂၃
SP (VOM)

ပြီးခဲ့တဲ့ ၆ လဝန်းကျင်ကတည်းက လမ်းပန်းဆက်သွယ်ရေးတွေ အားလုံး ပိတ်ဆို့ခံထားရတဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်ဟာ အခုဆိုရင် ကုန်စည်တွေပြတ်လပ်လို့ တခြားမြို့တွေကထက် စျေးနူန်းကြီးမြင့်စွာနဲ့ စားသုံးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်ရဲ့ အကျယ်အဝန်းက ၇၈၅ ဒသမ ၆၄၂၈ မိုင် ကျယ်ဝန်းပြီး ၊ ပခုက္ကူမြို့ရဲ မြောက်ဖက် ၂၇ မိုင်ခန့်အကွာ ၊ မုံရွာ – ပုသိမ်ကားပေါ်မှာ တည်ရှိပြီး မြို့ပြလူနေရပ်ကွက် ၃ ခု ၊ ကျေးရွာအုပ်စု ၈၁ အုပ်စု ၊ ကျေးရွာပေါင်း ၃၃၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၀ မတိုင်မီက မြိုင်မြို့နယ်မှာ အိမ်ခြေပေါင်း ၃၅၅၈၈ အိမ်ရှိတယ် ၊ အခုတော့ အဲ့ဒီလောက် မရှိတော့ဘူး ၊ မြို့နယ်ရဲ့ အနောက်မြောက်ပိုင်းက မကျီးကန် ၊ ဆူးဝင်း ၊ ဝါးတောင် ၊ ဗဟင်းစတဲ့ကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရွာပေါင်း ၂၀ ကျော်အိမ်ခြေ ၈၀၀ ဝန်းကျင်လောက်မီးရှို့ဖျက်စီးခံရတယ် ၊ အခုထိ အိမ်တွေ ပြန်မဆောက်နိုင်သေးဘူး ၊ ​အဲ့ဒီအပြင် ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ မြို့နယ်ထဲမှာ လူဦးရေ ၃၁၆၃၃၀ ရှိတယ် ၊ အခု အဲ့ဒီလောက် မရှိတော့ဘူး ၊ အိမ်ထောင်ပေါင်း ၅၀၀၀ ကျော်လောက်က စစ်ဘေးရှောင် လွတ်ရာ တခြားမြို့တွေဆီကို ပြောင်းကုန်ကြပြီ ၊ နောက်ပြီး လူငယ် တစ်သိန်းကျော်ကလည်း ပြည်တွင်း ပြည်ပ အလုပ်ကိုင်အတွက် နေရပ်စွန့်ခွာသွားကြတယ် ၊ မြိုင်နယ်ထဲက ရွာပေါင်း ၃ ရာကျော်မှာ သံဃာရှိတဲ့ ဘုန်းကြီးကျောင်းက ဆယ်ဂဏန်းလောက်ပဲရှိတော့တယ် ၊ ဒီနှစ် ဝါဆိုသံဃာစာရင်းမှာ သံဃာဦးရေ အနည်းငယ်ပဲရှိတယ် ၊ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကစပြီး တချို့ ဘုန်းကြီးတွေက ကျောင်းကို သော့ခတ်ပြီး တခြားမြို့တွေမှာ သီးတင်းသုံးတော့တယ် ၊ ဒါ့အပြင် မြိုင်မြို့နယ်ထဲမှာ လူပေါင်း ၂၀၀ ကျော်သတ်ခံထားရတယ် ၊ အဲ့ဒီအထဲမှာ ဘုန်းကြီးတွေ ၊ သီလရှင် ဆရာကြီး ၊ ဆရာလေးတွေပါတယ်” မြိုင်မြို့ခံ(၁)ယောက်က ပြောပါတယ်။

မြိုင်မြို့နယ်ဟာ ပခုက္ကူမြို့ရဲ့ မြောက်ဘက် ၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရဲ့ တောင်ဘက် ၊ ပေါက်မြို့နယ်ရဲ့ အရှေ့ဘက် ၊ ရေစကြိုမြို့နယ်ရဲ့ အနောက်မြောက်ဘက်နေရာမှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

” မြိုင်မြို့ကို ဆက်သွယ်ထားတဲ့ အဓိက ကားလမ်း ၃ ခုရှိတယ် ၊ ရေစကြို – လင်းကတော – မြိုင် ၊ ပခုက္ကူ – မြိုင်လမ်း ၊ ပခုက္ကူ – ကမ္မ – ကိုင်းတောမ – မြိုင် လမ်းတွေဖြစ်တယ် ၊ နောက်ပြီး ပုလဲမြို့နယ်ဘက်ကနေ မြိုင်ကိုလာလို့ရတယ် ၊ အဲ့ဒီ လမ်းကြောင်းတွေ အခုသွားလို့ လာလို့မရတော့ဘူး ၊ လမ်းတွေအားလုံး ပိတ်ထားတယ် ၊ မိုင်းတွေရှိတယ် ၊ လမ်းဘေး သစ်ပင်တွေ လမ်းပေါ်မှာ ခုတ်လှဲထားတယ် ၊ မြိုင်မြို့ကထွက်တဲ့ ခရီးသည်တင် ကားတွေ ၄ သင်းရှိတယ် ၊ အခု တစ်စီးမှ မထွက်နိုင်တာ လချီကြာနေပြီ ၊ မြိုင်မြို့နယ် ဒေသခံတွေက ဆိုင်ကယ်နဲ့ ခရီးသွားမယ်ဆိုရင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေထံ ကြိုတင် သတင်းပို့ပြီးမှ သွားလာရတယ် ၊ စားသောက်ရေးကတော့ ဒေသထွက် အသီးအနှံတွေနဲ့ လှောင်ကုန်တွေပဲ စျေးကြီးပေးစားရတယ် “လို့ မြိုင်မြို့ခံ(၁)ယောက်က ပြောပါတယ်။

မြိုင်မြို့ပေါ်မှာရှိတဲ့ ကုန်သည်(၁)ယောက်ကလည်း ” မြို့ကိုပိတ်ဆို့ထားလို့ ကုန်စည် အဝင်ဆိုတာ မရှိဘူး ၊ ရေနံမှော်တွေဘက်က တဆင့်ယူရောင်းရတာတွေရှိတယ် ၊ ရေနံမှော်တွေဘက်ကိုက ဆားလင်းကြီးမြို့နယ် ကျားတက်စံပြရွာဘက်ကနေ ကုန်စည်တွေဝင်တာရှိတယ် ၊ ဒီလဆန်းပိုင်းကစပြီး မြို့ပေါ်မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားတော့ အရောင်းဆိုင်တွေအများစုက ပိတ်ထားတယ် ၊ မြို့ပေါ်မှာလည်း လူဦးရေ ၁ ထောင်လောက်ပဲရှိတော့တယ် ၊ အရောင်းအဝယ်တွေ ရပ်သွားတဲ့အတွက် ကုန်စျေးနူန်းတွေက တခြားမြို့တွေ စျေးနူန်းထက် နှစ်ဆ သုံးဆပေးရတယ် ၊ ဒါတောင် လောက်ငှအောင် ဝယ်မရဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေက မြိုင်မြို့နယ်ထဲကို နယ်မြေရှင်းလင်းရေး အဖွဲ့တွေဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်နေတဲ့ လူတွေထဲက ပေါက်ပြင်းရွာမှာ အမျိးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး ၊ ဂွေးပင်လယ်ရွာမှာ အမျိုးသား ၁၂ ဦး ၊ နဲ့ သံပုရာခြံရွာမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ၊ ပေါင်း ၂၀ ဦးဟာ အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ လူတွေကို ဘယ်အဖွဲ့က ၊ ဘာကြောင့် သတ်သွားတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW