VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
-လပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်မယ့် အခြေအနေ
-စာရွက်လို လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချတော့မှာလား
-ဇိမ်ခံကားကုမ္ပဏီ Lamborghini ရဲ့နောက်ထပ် အစီအစဉ်က ဘာတွေလဲ

မျိုးဆက်(VOM)
စက်တင်ဘာ-၈-၂၀၂၃

(၁) လကမ္ဘာပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်နိုင်တော့မယ်

ဝေးလ်ပြည်နယ် ဘန်ဂေါတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လကမ္ဘာပေါ်မှာ အနာဂတ်စူးစမ်းလေ့လာမှုတွေအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ ဘိန်းစေ့အရွယ် နျူကလီးယား လောင်စာဆဲလ်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အာကာသအေဂျင်စီဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို လူသားတွေပြန်လည်ခြေချနိုင်ရေးကို ၂၀၂၅ ခုနှစ်သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ပို့ဆောင်ဖို့ရည်ရွယ်ထားပါတယ်။

၂၀၃၀ ပြည့်နှစ်မှာတော့ လပေါ်မှာ အခြေစိုက်စခန်းတခုတည်ဆောက်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။ Trisofuel လို့ခေါ်တဲ့ နျူကလီးယားလောင်စာဆဲလ်နည်းပညာသစ်ဟာ ရိုးရွိုက်စ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အသေးစားနျူကလီးယားဂျင်နရေတာတွေကို စွမ်းအင်ထုတ်နိုင်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Trisofuel လောင်စာဆဲလ်တွေကို နာဆာ၊ ရိုးရွိုက်စ်နဲ့ ဗြိတိန်အာကာသအေဂျင်စီတို့နဲ့အတူ ပူးပေါင်းပြီး ဘန်ဂေါတက္ကသိုလ် နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လပေါ်ကို သယ်ဆောင်သွားနိုင်တဲ့ နျူကလီးယားဂျင်နရေတာတွေအတွက် လောင်စာအဖြစ်သုံးပြီး အာကာသယာဉ်မှူးတွေအတွက် လိုအပ်တဲ့စွမ်းအင်ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

လကမ္ဘာပေါ်ကို လူသားတွေပြန်လည်စေလွှတ်မယ့် နာဆာရဲ့ Artemis အစီအစဉ်ဟာ လကမ္ဘာပေါ်မှာ လူသားတွေ အမြဲနေထိုင်ပြီး အင်္ဂါဂြိုဟ်အပါအဝင် နေအဖွဲ့အစည်းကို လေ့လာဖို့ နောက်ထပ်ခြေလှမ်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

(၂) လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချဖို့ ဆမ်ဆောင်းစီစဉ်

လာမယ့်နှစ်နှစ်အတွင်း လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းသစ်တွေကို ထုတ်လုပ်ရောင်းချဖို့အတွက် တောင်ကိုရီးအခြေစိုက် ဆမ်းဆောင်းကုမ္ပဏီက စီစဉ်နေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
OLED မျက်နှာပြင်နဲ့တည်ဆောက်ထားတဲ့ လိပ်ခေါက်နိုင်တဲ့စမတ်ဖုန်းဟာ ရှေ့ပြေးနမူနာမဟုတ်ဘဲ ၂၀၂၅ ခုနှစ်မှာ အစုလိုက်အပြုံလိုက်ထုတ်လုပ်ရောင်းချသွားဖို့ရှိကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဆမ်ဆောင်းဟာ ၂၀၂၂ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ K-Display ပြပွဲမှာလည်း လိပ်ခေါက်နိုင်တဲ့ မျက်နှာပြင်နည်းပညာတွေကို ပြသခဲ့ဖူးပြီး ပြီးခဲ့တဲ့မေလအတွင်းကလည်း ၁၂ ဒသမ ၄ လက်မအရွယ် လိပ်ခေါက်နိုင်တဲ့ မျက်နှာပြင်နည်းပညာကို ထုတ်ဖော်ပြသခဲ့ဖူးတာကြောင့် ဒီလိုစမတ်ဖုန်းအမျိုးအစားတွေ ထုတ်လုပ်ဖို့ဆိုတာ အလွန်နီးစပ်တဲ့အခြေအနေရှိနေပြီဖြစ်ပါတယ်။

အရင်က ထုတ်လုပ်ခဲ့တဲ့ ကွေးညွှတ်မျက်နှာပြင် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold နဲ့ Z Flip တို့လို မျက်နှာပြင်နည်းပညာမဟုတ်ပေမယ့် လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းဟာလည်း Galaxy series ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

ဖုန်းဒီဇိုင်းအတွက် ဘေးဘောင်တွေပါဝင်ဖွယ်မရှိဘဲ့ မျက်နှာပြင်အောက်ကင်မရာနည်းပညာကို အသုံးပြုလာနိုင်ပါတယ်။ ဒါဟာ သမားရိုးကျ ကွေးညွှတ်မျက်နှာပြင်တွေထက် စမတ်ဖုန်းမျက်နှာပြင် ပိုမိုကြံ့ခိုင်ပြီး ပျက်စီးမှုနည်းပါးနိုင်ကြောင်း သိရပါတယ်။

(၃) ဇိမ်ခံလျှပ်စစ်ကားတွေ ထုတ်လုပ်ဦးမယ့် Lamborghini

Lamborghini ကုမ္ပဏီဟာ အခြားမော်တော်ကားကုမ္ပဏီကြီးတွေနည်းတူ လျှပ်စစ်ကားထုတ်လုပ်ဖို့ စီစဉ်နေပြီး သူ့ရဲ့ ၁၀၀ ရာခိုင်နှုန်းလျှပ်စစ်ကားဟာ အခြားကားတွေထက် ပိုမိုစိတ်လှုပ်ရှားဖို့ ကောင်းမှာဖြစ်ကြောင်း စီအီးအိုဖြစ်သူ စတီဖင်ဝင်ကယ်လ်မန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီလျှပ်စစ်ကားကို သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် ထုတ်လုပ်မှာဖြစ်ပြီး တစ်ကြိမ်အားသွင်းရုံနဲ့ ခရီးမိုင်များစွာ ရောက်ရှိနိုင်မှာဖြစ်ပေမယ့် စွမ်းဆောင်ရည်အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ကုမ္ပဏီအနေနဲ့ ဒီလို လျှပ်စစ်ကားမော်ဒယ်တွေထုတ်လုပ်ဖို့ အချိန်အတော်ကြာ နှောင့်နှေးနေခဲ့ပြီး ဒါဟာ လျှပ်စစ်ကားရဲ့စွမ်းဆောင်ရည်ပိုင်းကို အထူးပြုဖန်တီးနေတာကြောင့်လို့ စတီဖင်ဝင်ကယ်လ်မန်းက ဆိုပါတယ်။

ကားဒီဇိုင်းကိုတော့ Lamborghini မော်ဒယ်တွေရဲ့ဒီဇိုင်းအခြေခံကိုယူထားပြီး အခြားထုတ်လုပ်ပြီး မော်ဒယ်တွေနဲ့ ကွာခြားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြထားပြီး ဒီလျှပ်စစ်ကားကို ၂၀၂၈ ခုနှစ်မှာ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုရဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်းဟာ စက်မှုလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာနေတာကြောင့် Lamborghini အနေနဲ့ ၂၀၃၀ ခုနှစ်ကစပြီး လျှပ်စစ်ကားတွေပဲ ထုတ်လုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Ref: GSM Arena/IE
#voiceofmyanmar #VOM #technology #science

Related posts

Leave a Comment

VOM News

FREE
VIEW