မန္တလေး – မြစ်ကြီးနားရထားလမ်းမှာ လူ ၂ ဦး ပစ်သတ် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ သုံးဆင့်ကန်ကျေးရွာနားမှာရှိတဲ့ မန္တလေး – မြစ်ကြီးနားရထားလမ်းမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ပစ်သတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရထားလမ်း လုံခြုံရေးအဖွဲ့က ပစ်သတ်ဖမ်းဆီးတာဖြစ်တယ် ၊ သေဆုံးသူတွေက ဒေသခံတွေဖြစ်နိုင်တယ် ၊ နာမည်သိရင်တောင် မပြောရဲကြဘူး ၊ နောက်ဆက်တွဲ အိမ်နဲ့ ဝန်းခြံတွေ ချိပ်ပိတ်သိမ်းဆည်းခံရမှာ ကြောက်လို့ မပြောရဲကြတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

သုံးဆင့်ကန်ရွာခံတယောက်က ” ဖြစ်တဲ့အချိန်က ကျွဲကျောင်း ၊ နွားကျောင်းလွတ်တဲ့အချိန်ဆိုတော့ နွားကျောင်းသားတွေကို ထင်ကြေးနဲ့ မှားပစ်တယ်လို့ အစက အဲ့ဒီလို ယူဆမိတယ် ၊ ပစ်သတ်ခံရတဲ့ လူတွေဆီက လက်နက်တွေပါတယ်ဆိုတာ နောက်မှသိရတာ”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၈ နာရီက ဖြစ်တာပါ ၊ သုံးဆင့်ကန်ရွာနားက ရထားလမ်းကို မိုင်းလာထောင်သူ ၂ ဦးကို ပစ်ခတ်ဖမ်းဆီးတယ် ၊ သေဆုံးသူ ၂ ယောက်ဆီက သေနတ် ၁ လက် ၊ ၅ ဒသမ ၅၆ ကျည်ဆံ ၆ တောင့် ၊ ကျည်အိမ် ၁ ခု နဲ့ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ” လို့ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ပစ်သတ်ဖမ်းဆီးတာတွေ များလာတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ” ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ကုန်းသာကျေးရွာနားမှာ မလူငယ် ၃ ဦး ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာ အကြား ၊ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မနက် ၁၀ နာရီဝန်းကျင်းက လူငယ် ၃ ဦးကို ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီလို ပစ်သတ်ဖမ်းဆီးတာတွေ စစ်ကိုင်းတိုင်းထဲမှာ ၃၀ ကျော်ရှိတယ် “လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW