စက်တင်ဘာ ၂၄ – ၂၀၂၃
SN (VOM)
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာနဲ့ တခြားလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် အခွန်ကောက်ယူဖို့ နစက က ဥပဒေပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့အခွန်အကောက် ဥပဒေကို ပြင်ဆင်ပြဌာန်းခြင်းဖြစ်ပြီး အဲ့ဒီဥပဒေဟာ အခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဥပဒေပြင်ဆင်ချက်မှာ ပြည်ပရောက်နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းကမြတ်စွန်းငွေ၊ စည်းကြပ်မှုကလွတ်နေတဲ့ ဝင်ငွေ၊ အခြားရလမ်းတွေက ဝင်ငွေတွေအပေါ် ရရှိတဲ့နိုင်ငံခြားငွေအမျိုးအစားနဲ့ ၁၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ယူမယ်လို့ ဖော်ပြထားပါတယ်။
ပြည်ပနေနိုင်ငံသားတွေရဲ့လစာဝင်ငွေကို သက်သာခွင့်တွေ နုတ်ပယ်ပြီးပါက ပြည်တွင်းရှိ ဝင်ငွေခွန်အတိုင်း ကောက်ခံမှာဖြစ်ပြီး သက်သာခွင့်တွေ မနုတ်ပါက ၂ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ကောက်မယ်လို့ သိရပါတယ်။
“နစက ကတော့ သူများချွေးနည်းစာကို နည်းအမျိုးမျိုးနဲ့ လိုချင်နေတာပဲ။ ကိုယ့်နိုင်ငံမှာ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေလို့ သူများနိုင်ငံ သွားရှာတာတောင် ပြည်ပထိလိုက်ပြီး ဒုက္ခပေးနိုင်တယ်။ ကိုယ့်ပိုက်ဆံကိုယ် ကိုယ့်စိတ်ကြိုက် သုံးခွင့်မရှိဘူးလား။ ဒီတိုင်းဆို ပတ်စ်ပို့သတ်တမ်းမတိုးဘဲ နေလိုက်ရုံပေါ့။ ဘာအထောက်အပံ့ပေးဖူးလို့ လိုချင်နေရတာလဲ။ ပေးဖို့လည်း စိတ်မဝင်စားဘူး။ ရဖို့လည်း စိတ်မကူးနဲ့လို့ ပြောချင်တယ်”လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
နစကရဲ့ ဥပဒေပြင်ဆင်သတ်မှတ်ချက်မှာတော့ ပြည်ပနေနိုင်ငံသားတွေအနေနဲ့ အခွန်ဆောင်ရာမှာ ရရှိတဲ့ နိုင်ငံခြားငွေအတိုင်း ဝင်ငွေခွန်ဆောင်ရမယ်လို့ ဖော်ပြထားပြီး အခုပြင်ဆင်လိုက်တဲ့ အခွန်ကောက်ယူမှုပြဌာန်းချက်တွေအတွက် ဝင်ငွေအမျိုးအစားအလိုက် ပြည်ပမှာပေး ဆောင်ခဲ့ရတဲ့အခွန်ကို ခုနှိမ်ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။
“ပြည်ပမှာ အလုပ်မရှိ ဖြစ်နေကြတဲ့သူတွေကိုရော နစက က ဘာလုပ်ပေးနိုင်လို့လဲ။ ပြည်ပရောက်ပြီဆိုတာနဲ့ အလုပ်တန်းရသွားတဲ့သူတွေပဲ မှတ်နေသလားမသိဘူး။ ပြည်ပရောက် အလုပ်လက်မဲ့တွေမှ တပုံကြီး။ အပြင်ငွေပေါက်ဈေးနဲ့ တလ သိန်း ၁၀၀ ဝင်ရင် ၂၅ ရာခိုင်နှုန်းငွေလွှဲတာက ၅ သိန်းကနေ ၁၀ သိန်းကြား လျော့မယ်။ လစာ ၁၀ ရာခိုင်နှုန်းက ၁၀ သိန်းဆိုတော့ နှစ်ခုပေါင်း တလကို ၁၅ သိန်းကနေ သိန်း၂၀ ပေးရတော့မယ်။ ကိုယ် ပင်ပင်ပန်းပန်းနဲ့ရှာထားတဲ့ ဝင်ငွေရဲ့ ၁၅-၂၀ ရာခိုင်နှုန်း ဆုံးရှုံးပြီပဲ”လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်ပရောက်မြန်မာလုပ်သားတွေ ရရှိတဲ့ လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ လစဉ် ဒါမှမဟုတ် ၃ လစာ ပေါင်းပြီး ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က ပြောင်းလဲသတ်မှတ်ထားပါသေးတယ်။
သတ်မှတ်ချက်အတိုင်းမလွှဲရင် နောက်တကြိမ် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ၃ နှစ် ပိတ်ပင်တားမြစ်မယ်လို့လည်း အဲ့ဒီအသိပေးချက်မှာ ဖော်ပြထားပါတယ်။
“ကိုယ့်နိုင်ငံသားတွေ အဆင်ပြေအောင်တော့ ဘာမှလုပ်မပေးဘူး။ ကိုယ့်ဘာသာ အတိုးတွေနဲ့ အကြွေးယူ၊ လယ်ပေါင်၊ ယာပေါင်နဲ့ ကိုယ်ဒူးကိုယ်ချွန်ပြီးမှ ထွက်လာရတာ။ အခွန်ကောက်ချင်ရင် လူ့အခွင့်ရေးလည်း ပေးပါလို့ ပြောချင်တယ်။ နိုင်ငံခြားကို စွန့်စွန့်စားစားထွက်လာရတုန်းက ဘယ်အစိုးရကမှ တပြားတချပ်ထောက်ပံ့ပေးခဲ့တာ မဟုတ်ဘူး။ ဒီမှာအလုပ်အဆင်မပြေလို့ အိမ်ကိုတောင် ပြန်မလွှဲနိုင်တာ။ စားရတော့လည်း မသေရုံတမယ် ရှိတာလေးချက်ပြုတ်စားနေရတာ။ ဘယ်လိုလုပ် အခွန်ဆောင်နိုင်မှာလဲ။ နိုင်ငံခြားရောက်သွားတဲ့သူတိုင်း အလုပ်တွေ အရမ်းအဆင်ပြေ၊ အရမ်းတွေကို ချမ်းသာနေပြီလို့ သူတို့ကထင်နေကြတာလား။ နည်းနည်းပါးပါး ကိုယ်ချင်းစာပေးပါ၊ အရှက်တရားလေး ရှိပေးပါလို့ ပြောချင်တယ်” မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပနိုင်ငံတွေကို အေဂျင်စီတွေနဲ့ သွားရောက်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေအနေနဲ့ ရရှိတဲ့ အခြေခံလစာ တလဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လွှဲပို့ရာမှာ တရားဝင်ငွေလွှဲခြင်း ၃ နည်းနဲ့ လွှဲနိုင်တယ်လို့ အသိပေးထားပါတယ်။
အဲ့ဒီ့လို လွှဲပို့ရာမှာ မည်သည့်ဘဏ်မှဖြစ်စေ Bank to Bank လွှဲပို့နိုင်ပြီး မိမိအကောင့်ဖြစ်စေ မိသားစုဝင်အကောင့်ဖြစ်စေ ပြည်ပကနေ တိုက်ရိုက် ဘဏ်အကောင့်ထဲပို့ကာ သိမ်းထားလို့ရပြီး လိုအပ်တဲ့အချိန်မှ ထုတ်သုံးလို့ရတယ်လို့ သိရပါတယ်။
ဒုတိယနည်းလမ်းကတော့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကနေလွှဲခြင်းဖြစ်ပြီး ဒီနည်းကတော့ ဥပမာ Western Union တို့ IME တို့လို သက်ဆိုင်ရာ နိုင်ငံအလိုက်ရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ လွှဲတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း သူတို့နဲ့ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်မှာမဆို ထုတ်ယူလို့ရတယ်လို့ သိရပါတယ်။
တတိယနည်းလမ်းကတော့ Remittance Business License (RBL) ခေါ်တဲ့ RBL လိုင်စင်ရထားသူတွေဆီကနေ ငွေလွှဲခြင်းဖြစ်ပြီး ဒီစာရင်းကိုသိချင်ရင်တော့ ဗဟိုဘဏ် website မှာရှာကြည့်လို့ရတယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ပြည်ပရောက်မြန်မာ #အခွန်ဥပဒေပြဌာန်း