စက်တင်ဘာ ၊ ၂၇ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ ကလေး အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ် ၄ ယောက်ကို ကလေး အထူးတရားရုံးကနေ စက်တင်ဘာ ၂၅ ရက်က နောက်ထပ် ပြစ်ဒဏ်တွေ တိုးမြင့်ချလိုက်တယ်လို့ ကလေးမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်ဆိုပြီး ကိုသန်းစိုးဦး ၊ ကိုမျိုးကိုဝင်း ၊ မကျိန်ဒွန့်ကိမ် ၊ မနှင်စံတို့ ၄ ယောက်ဟာ လုပ်ခဲ့ကြတယ် ၊ အဲ့ဒီလို တော်လှန်သင်္ကြန် လုပ်ပြီး ဧပြီ ၁၆ ရက်မှာ သူတို့ ၄ ယောက်လုံး ဖမ်းခံရတယ် ၊ စတင်ဖမ်းတုန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အရ အမှုဖွင့်အရေးယူခဲ့တယ် ၊ အဲ့ဒီ အမှုကို တရားရုံးက ပြီးခဲ့တဲ့ မေလထဲမှာ ထောင် ၂ နှစ်စီ အမိန့်ချလိုက်တယ် ၊အမှုပြီးပြီလို့ ထင်ခဲ့တယ် ၊ အဲ့ဒီနောက် အထူးတရားရုံးကနေ သူတို့ ၄ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နဲ့ ၅၂ (က) ဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး မနေ့ စက်တင်ဘာ ၂၅ ရက်က နောက်ထပ် ထပ်တိုး ပြစ်ဒဏ် ၁၀ နှစ်စီချလိုက်တာဖြစ်တယ် ” လို့ ကလေးမြို့ တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲ့ဒီလို ထောင်ဒဏ်ထပ်တိုးခံရသူတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ” သူတို့အဖမ်းခံရပြီးနောက် ရုံးထုတ်တော့ သိရတာက ၅၀၅ – က နဲ့ပဲ အရေးယူထားတာဖြစ်တယ်လို့ ပြောတယ် ၊ ထောင် ၂ နှစ်ပဲကျတယ်ဆိုတော့ မိသားစု စိတ်အေးရပြီထင်ခဲ့ရတာ ၊ အခုတော့ ထောင် ၁၀ နှစ် ထပ်တိုးလိုက်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့ တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မူလက ထောင် ၂ နှစ်ကျတယ် ၊ နောက်မှုတွေက ထောင် ၁၀ နှစ်ကျတယ် ၊ အဲ့ဒီ အမှုတွေက ပြစ်ဒဏ်တွေကို တပေါင်းတည်း မပေးဘူး ၊ သီးခြားစီကျခံရမှာမို့ ပြစ်ဒဏ် ၁၂ နှစ်ဖြစ်သွားတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ပဲခူးတိုင်း ၊ ပြည်မြို့ ၊ NLD ပါတီ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇောယျ ဆိုသူဟာ မူလ ပြစ်ဒဏ် ၁၉ နှစ်ကနေ နောက်တိုး ပြစ်ဒဏ် အနှစ် ၂၀ ထပ်ချခံလိုက်ရတာကြောင့် ပြစ်ဒဏ် ၃၉ နှစ်ဖြစ်သွားတယ်လို့ ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ကလေး