ပြုံးယမ်း၊ စက်တင်ဘာ-၂၇-၂၀၂၃
မျိုးဆက်(VOM)
ကိုရီးယားကျွန်းဆွယ်တဝိုက်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေက နျူကလီးယားစစ်ပွဲဖြစ်ဖို့ အစွန်းနားသို့ တွန်းပို့နေကြောင်း မြောက်ကိုရီးယားသံအမတ်ကြီးက ကင်ဆောင်က သတိပေးပြောဆိုလိုက်ပါတယ်။
အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂသံအမတ်ကြီး ကင်ဆောင်က ရှုတ်ချလိုက်ပြီး ဒါဟာ နေတိုးအဖွဲ့နဲ့အလားသဏ္ဍန်တူတဲ့ စစ်ရေးမဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။
အခုလို သုံးနိုင်ငံစစ်ရေးမဟာမိတ်ဖွဲ့ခြင်းဟာ အာရှနေတိုးအဖွ့ဲပုံစံဖွဲ့စည်းဖို့ ကာလရှည်ကြာရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ပြီး အရှေ့မြောက်အာရှမှာ စစ်အေးတိုက်ပွဲသစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာသူကပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ရှုတ်ချပြောဆိုခဲ့တဲ့အပေါ် မြောက်ကိုရီးယားက အခုလိုက်တုံ့ပြန်တာဖြစ်ကြောင်း အကဲခတ်တွေကဆိုပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်မှုအရ နိုင်ငံရဲ့ ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ အရှိန်မြှင့် လုပ်ဆောင်ရမှာဖြစ်ကြောင်း မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆောင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုပါတယ်။
Ref:NHK
#voiceofmyanmar #VOM #N-Korea #NuclearWar #AsianNATO