စက်တင်ဘာ ၂၇ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မကျီးခွကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၆ ရက် ၊ နေ့လယ်ပိုင်းက လေကြောင်းပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” မကျီးခွရွာနားက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ရဲ့စခန်းကို လေကြောင်းကနေ လာပစ်တယ် ၊ ရဟတ်ယာဥ်နဲ့ ပစ်တာဖြစ်တယ် ၊ အဲ့ဒီမှာ သေဆုံး ဒဏ်ရာရသူတွေ အများကြီးဖြစ်တယ် ၊ ရွာက ကလေးတွေ တယောက်မှမပါဘူး ၊ ဘယ်နယ်က လူတွေဆိုတာ မသိရသေးဘူး “လို့ မကျီးခွရွာခံတယောက်က ပြောပါတယ်။
မကျီးခွကျေးရွာဟာ ချောင်းဦး – ရေစကြိုသွား ဆင်ဖြူရှင် ကားလမ်းပေါ်မှာတည်ရှိပြီး မြောင် ၊ ရေစကြို ၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အခု ပစ်ခံရလို့ သေဆုံးသူတွေဟာ တခြားနယ်က လူတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မကျီးခွရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း ၉ လောင်း ၊ လက်လုပ်သေနတ် ၁၆ လက် ၊ AK သေနတ် ၁ လက် ၊ ကျည်အိမ် ၁၁ ခု ၊ ကျည်မျိုးစုံ ၃၈၇ တောင့် ၊ လက်လုပ် ၄၀ မမဗုံးသီး ၃ လုံး ၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး ၊ စိန်ပြောင်းဗုံးသီး ၂၂ လုံး ၊ လက်လုပ် Drop Bomb ၄၉ လုံး ၊ ကျည်ကာအင်္ကျီ ၅ ထည် ၊လမ်းလျှောက်စကားပြောစက် ၄ လုံး ၊လက်လုပ်ရီမု ၁ လုံး ၊ Drone ၇ စီး ၊ Drone ပန်ကာ ၁၅ ခု ၊ Drone camera ၁၆ ခု ၊Drone အားသွင်းကြိုး ၈ ခု ၊ တွင်ခုံ ၁ ခု ၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည် မုံရွာမြို့နယ် တောင်ပိုင်းမှာရှိတဲ့ နဂါးတွင်းကျေးရွာနားမှာရှိတဲ့ ဒေသတွင်းလက်နက်ကိုင် စခန်းတခု သိမ်းပိုက်ခံရတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်ထဲမှာ ကင်းလှည့်နေတဲ့ ပြည်သူ့စစ်တွေ ပစ်ခံရလို့ ၄ ယောက်သေ ၊ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင် ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ရဲ ၅ ဦး နဲ့၊ ပြည်သူ့စစ် ၄ ဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီအပြင် စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာနားမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ထိတွေ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ချောင်းဦး