စစ်ကိုင်းတိုင်းမှာ မနေ့က တစ်ရက်တည်း လူ ၉ ယောက် ပစ်သတ်ခံရ

စင်တင်ဘာ၂၇-၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်းအတွင်း မနေ့ စက်တင်ဘာ ၂၆ ရက် ၊ တစ်ရက်တည်းမှာပဲ လုံခြုံရေးအဖွဲ့က မသင်္ကာမှုနဲ့ လူ၁၀ ေယာက်နီးပါး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနား မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ၂ ယောက်ပစ်သတ်ထားတယ် ၊ မနေ့က မနက်ပိုင်းမှာ ကလေးမြို့နယ် ၊ အောင်သာရွာနားမှာ ၂ ယောက်ပစ်သတ်ခံရတယ် ၊ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ ပုလဲမြို့နယ် ၊ ညောင်ကုန်းရွာနားမှာ ၃ ယောက်ပစ်သတ်ခံရတယ် ၊ အဲ့ဒီနောက် ကသာမြို့နယ် ၊ လယ်မီးကျေးရွာနားမှာ ၁ ယောက်ပစ်သတ်ခံရတယ် ၊ ဒါ့အပြင် ဝက်လက်မြို့နယ် ၊ ထန်းကြီးရွာနားမှာလည်း ၁ ယောက် ပစ်သတ်ခံရတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ် ။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ချောင်းဦးမြို့နယ် ၊ ငါယှန်ရွာနားက မန္တလေးကားလမ်းကို မိုင်းထောင်နေတဲ့ လူ ၂ ယောက် ပစ်သတ်ဖမ်းဆီးတယ် ၊ သူတို့ဆီက လက်နက်ခဲယမ်းတွေအပြင် ဒရုန်းတစ်စီး ၊ မိုင်းနဲ့ မိုင်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ၊ ပုလဲနယ် ၃ ယောက် ပစ်သတ်ခံရတာလည်းလက်နက်ခဲယမ်းတွေ ရတယ် ၊ ကသာနယ်က တယောက်လည်း အလားတူပဲဖြစ်တယ် ၊ အဲ့ဒီလို ပစ်သတ်ခံရတဲ့ လူတွေက နယ်မြေရှင်းလင်းရေး အဖွဲ့တွေနဲ့ ထိပ်တိုက်တိုးတဲ့အခါ အဖမ်းမခံပဲ ပစ်ခတ်တာတွေလုပ်တယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ဖမ်းဆီးရတာဖြစ််တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ပစ်သတ်ခံရတဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာတော့ ချောင်းဦးမြို့နယ်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က လူငယ် ၂ ယောက် ပစ်သတ်ခံရပြီး ဒဏ်ရာရသူ ၄ ယောက်က ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ ရဲနဲ့ ပြည်သူ့စစ်တွေ ၁၅ ဦးထက်မနည်းပစ်သတ်ခံရလို့ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW