ဒလရဲစခန်းက အချုပ်ခန်းဖောက်ပြေးသူ ၆ ဦး ပြန်ဖမ်းမိ

စက်တင်ဘာ ၊ ၂၇ ၊ ၂၀၂၃
SP( VOM)

ရန်ကုန်တိုင်း ၊ဒလမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားတဲ့ အချုပ်သား ၆ ဦးကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်းက အချုပ်သား ၆ ယောက်က အချုပ်ခန်း အမိုးမျက်နှာကျက်ကို ဖောက်ထွင်းထွက်ပြေးတယ် ၊ အဲ့ဒီဖြစ်စဥ် သိရချင်း လုံခြုံရေးအဖွဲ့တွေက ရေလမ်း ကုန်းလမ်း ၂ ဖက်ပိတ်ပြီး ရှာဖွေတယ် ၊ ထွက်ပြေးသွားတဲ့ ၆ ယောက်ကို ၂၄ နာရီအတွင်း ပြန်ဖမ်းမိခဲ့တယ် ” လို့ ဒလရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ထွက်ပြေးသွားတဲ့ အချုပ်သား ၆ ယောက်အနက် အချုပ်သား၂ ဦးဟာ ပြစ်ဒဏ်ကျခံရပြီး ကျန် ၄ ဦးကတော့ အမှုရင်ဆိုင်နေရဆဲ အချုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း မန္တလေးတိုင်း ၊ ရမည်းသင်း အကျဥ်းထောင်ကနေ နေပြည်တော် တရားရုံးကို ရုံးထုတ်ပြန်လာတဲ့ ရဲအချုပ်ကား တစ်စီးဟာ တပ်ကုန်းမြို့နယ်အတွင်းအရောက် အချုပ်ကားပေါ်ကနေ အချုပ်သား ၄ ဦးထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးတဲ့အခါ ၂ ဦးသေဆုံး ၊ အရှင် ၁ ဦး ပြန်လည် ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ကျောက်ဆည်မြို့ကနေ မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်တဲ့ အချုပ်ကားတစ်စီးဟာ မြစ်ငယ်မြို့နားမှာ ရဲ သေနတ်ကို လုယူပစ်ခတ်တာကြောင့် ရဲ တယောက်သေပြီး အချုပ်သား ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ က စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ၊ မြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်း ဖောက်ထွင်းခံရပြီး အချုပ်သား ၅ ယောက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒလ #အချုပ်ခန်းဖောက်ပြေး #ခြောက်ဦးပြန်ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW