ကလေးမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အိပ်ပျော်နေတဲ့ မိသားစု ၄ ယောက်သေဆုံး

စက်တင်ဘာ ၂၈ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကတလးမြို့နယ် (တောင်ပိုင်း) ၊ ရှားဘိုကျေးရွာမှာ မနေ့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မိသားစုတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” လက်နက်ကြီးကျည်က ရှားဘိုရွာရဲ့ အရှေ့တောင်ထဲဆီကလာတာ ၊ အဲ့ဒီဘက်မှာ ​ဟံသာဝတီ ၊ ကြံသာ ၊ အောင်သာ စတဲ့ရွာတွေရှိတယ် ၊ အဲ့ဒီဘက်မှာက စစ်တပ်ရဲ့တပ်စခန်းတွေရှိတယ် ၊ လက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ မသိရသေးဘူး ၊ ရှားဘိုရွာထဲက နေအိမ်တလုံးကို ထိမှန် ပေါက်ကွဲပြီး မိန်းကလေး ၃ ယောက်နဲ့ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေး ၁ ယောက် ထိမှန် သေတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကြံသာနဲ့ အောင်သာရွာဘက်မှာ အထိုင်စခန်းတွေရှိတယ် ၊ မနေ့ညက ထိတွေ့မှုဖြစ်စဥ်မရှိဘူး ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာတွေ မရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ကလေးမြို့နယ် တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကြားက ရွာတွေမှာ ထိတွေ့မတိုက်ပွဲတွေ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုတွေရှိတာကြောင့် ကြားကရွာတွေမှာ လက်နက်ကြီး လက်နက်ငယ် ထိမှန်တာတွေရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို မဆိုင်တဲ့ရွာသားတွေ လက်နက်ကြီး ထိမှန်လို့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံ အပြောအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ စက်တင်ဘာ ၂၇ အထိ နိုင်ငံအဝှမ်းမှာ နိုင်ငံရေးလှုပ်ရှားသူနဲ့ အရပ်သားပေါင်း ၄,၁၂၄ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW