အောက်တိုဘာ ၊ ၄ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မီးရထားရပ်ကွက်ထဲမှာ မနေ့ အောက်တိုဘာ ၄ ရက် ၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မီးရထားရပ်ကွက်မှာ ပစ်ခတ်သံတွေတော့ ကြားလိုက်ရတယ် ၊ မြို့လုံခြုံရေးအဖွဲ့နဲ့ ဖြစ်ကြတယ်လို့ သိရတယ် မြို့လုံခြုံရေး အဖွဲ့က ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ် ၊ နောက်ပြီး သေနတ် ၁ လက်ပါသွားတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပစ်ခတ်မှုဖြစ်စဥ်တော့ရှိတယ် ၊ သေဆုံး ၊ ဒဏ်ရာရ စာရင်း မသိရသေးဘူး ” လို့ ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဝန်းသို ဒေသတွင် လက်နက်ကိုင်း အဖွဲ့က ကောလင်း လုံခြုံရေးအဖွဲ့ကို ပစ်ခတ်ခဲ့လို့ လုံခြုံရေး အဖွဲ့ဘက်က ၃ ဦးသေ ၊ ၂ ဦးဒဏ်ရာရပြီး MA. 13 သေနတ် ၁ လက် ရရှိခဲ့တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာ ၂၆ ရက်ကလည်း ကောလင်းနဲ့ နီးစပ်တဲ့ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၃ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ အောင်ဇေယျမြို့သစ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ ရဲ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကာ သေနတ် ၃ လက်ပါသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မကြာခဏအပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသတွင်းလက်နက်ကိုင်တွေဘက်ကလည်း လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ တစ်ဦး