ခုရက်ပိုင်း ဖားကန့်ဒေသမှာ လက်လုပ် လက်စား စျေးသည်တွေ နေ့စဥ်နီးပါး အသတ်ခံနေရ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃
SP(VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဖားကန့်ဒေသမှာရှိတဲ့ လက်လုပ် လုပ်စား စျေးသည်တွေဟာ နေ့စဥ်နီးပါး ပစ်သတ်ခံနေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့ အောက်တိုဘာ ၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က မမုံကျေးရွာနားက ထွန်းဦးစက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ စျေးသည် အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ် ၊ နောက်ပြီး ဖားပြင်ရွာအဝင်ဘက်မှာလည်း အာလူးကြော်တွေ လိုက်ပို့ပေးနေတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ် ၊ မနေ့က ၁ ရက်တည်းမှာပဲ စျေးသည် ၂ ယောက် ပစ်သတ်ခံရတယ် ၊ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ ဆိုတာ နာမည် အခုထိ မသိရသေးဘူး ၊ အလောင်းတွေတော့ ဆေးရုံပို့ထားတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ၊ ညနေ ၆ နာရီဝန်းကျင်က ဘွန်ဘရာ အမှတ် ၁ ရပ်ကွက်ထဲမှာ လူငယ်တယောက် ပစ်သတ်ခံရပါတယ် ၊ အဲ့ဒီနောက် အောက်တိုဘာ ၃ ရက် ၊ ညနေ ၃ နာရီဝန်းကျလည်း လုံးခင်းကျေးရွာအုပ်စု ၊ ကုဋေကျေးရွာ ၊ အမှတ် ၁ ရပ်ကွက် ၊ ဒေသအခေါ် ရေတွင်းပျက်နေရာနားမှာ အချဥ်ပေါင်းရောင်းတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဖားကန့်ဒေသမှာ ဒီရက်ပိုင်းအတွင်း ပစ်တာခတ်တာတွေ ပိုများလာတယ် ၊ အထူးသဖြင့် နေ့တိုင်းလိုလို စျေးသည်တွေ ပစ်သတ်ခံရတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်တုန်းကလည်း ရေခဲချောင်းတဲ့ စျေးသည် ၁ ယောက် ပစ်သတ်ခံရတယ် ၊ အခုဆို စျေးသည်တွေ ပစ်သတ်ခံရတာ ၅ ဦးထက်မနည်းရှိတယ် ” လို့ ဖားကန့်မြို့ခံတယောက်က ပြောပါတယ်။
ဖားကန့်ဒေသမှာ လက်လုပ် လက်စား စျေးသည်တွေ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဖားကန့်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လတုန်းကလည်း ပစ်သတ်ပြီး စွန့်ပစ်ထားတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ် ၊ ဒီရက်ပိုင်းမှာလည်း စျေးသည်တွေ ပစ်သတ်ခံရတယ် ၊ ဘာကြောင့် ဖြစ်ရသလဲဆိုရင် ဖားကန့်နယ်မှာက လက်နက်ကိုင်အဖွဲ့ ပေါင်းစုံရှိတယ် ၊ စျေးသည်အသွင်ယူပြီး သတင်းစုံစမ်းတဲ့သူလို့ မှတ်ယူနိုင်တာက တကြောင်း ၊ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်နိုင်တာက တကြောင်း ၊ မူးယစ်ဆေးဝါး ပြဿနာအရှုပ်တော်ပုံက တကြောင်း ၊ အဲ့ဒီ အကြောင်းတွေကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသမှာက နှစ်စဥ် ကျောက်တွင်းမြေပြိုကျလို့ ​သေဆုံးရသူတွေရှိသလို ၊ မူးယစ်ဆေးဝါးသုံးစွဲရာကနေ အတိုင်းအဆလွန်ကဲပြီး သေဆုံးတာတွေလည်း ရှိပါတယ် ။ နယ်ပေါင်းစုံက လူမျိုးပေါင်စုံ အလုပ်လာလုပ်တဲ့ ရတနာမြေဖြစ်တာကြောင့် ခိုးဆိုလုယက်ဖြစ်ရာကနေ နောက်ဆက်တွဲ လူသတ်မှုဖြစ်စဥ်တွေပါ ကူးစက်လာတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW