အောက်တိုဘာ ၃၀-၂၀၂၃
Voice Of Myanmar(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားက ပေါ်ဦး ရွှေဆိုင်ဟာ အောက်တိုဘာ ၃၀ ရက် ဒီကနေ့မနက် ရှစ်နာရီကျော်ခန့်က ရွှေထည်ပစ္စည်းမျိုးစုံ သိန်းတထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဲနဲ့နီးစပ်သူတဦးက ” မနက် ၈နာရီကျော်မှာ ဖြစ်တာ၊ အမျိုးသား လေးဦးက ဆိုင်ထဲကို သေနတ်ကိုင်ဝင်လာပြီး ကောင်တာကို နှစ်ချက်ပစ်တယ်၊ ပြီးတော့ ရွှေထည်တွေ ယူသွားတယ်၊ ခန့်မှန်း သိန်း(၁၂၀၀)ကျော် ပါသွားတယ်”လို့ ပြောပါတယ်။
ဖြစ်စဉ်မှာ ရွှေဆိုင်ရှေ့ကို စိစစ်ဆဲအမျိုးသား လေးဦးက သေနတ်အတို တလက်ကိုင်ဆောင်ကာ ဆိုင်ကယ် နှစ်စီးနဲ့ရောက်လာခဲ့ပြီး ရွှေဆိုင်အတွင်းဝင်လာခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းက ကောင်တာကို သေနတ်နဲ့ နှစ်ချက် ပစ်ကာ ကောင်တာအတွင်းရှိ ဆွဲကြိုး (၄၀) ခန့်၊ ရွှေကလစ်(၃၀)ခုခန့်၊ စုစုပေါင်းတန်ဖိုးငွေ သိန်း (၁၂၀၀)ကျပ်ခန့် ဓားမြတိုက်ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး နေရာအချို့မှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားတဲ့ နေရာအနီးမှာ မန်းမြို့ဈေးနဲ့ ရွှေဆိုင်အများအပြား ဖွင့်လှစ်ရောင်ချတဲ့ ဆိုင်တွေ ရှိသလို ရွှေထည်အဟောင်းတွေကို ပြန်ဝယ်တဲ့ လမ်းဘေး ရွှေရောင်းဝယ်ရေး ဆိုင်တွေ အများအပြားရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ မတ် ၂၁ရက်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ အောင်မဂ်လာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ပါသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #မန္တလေး #ပေါ်ဦးရွှေဆိုင် #ဓားပြမှု
Telegram Link: https://t.me/VOMNEWS2023/3248