ဖားကန့်မြို့နယ်က ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ဓားပြတိုက်ခံရ ၊ငွေသိန်း ၁၂၀၀ ကျော်ပါသွား

 

အောက်တိုဘာ ၃၁ ၊ ၂၀၂၃

SP ( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လုံးခင်းကျေးရွာ ၊ ရပ်ကွက် ၂ မှာနေထိုင်တဲ့ ငွေလွှဲလုပ်ငန်းနဲ့ ဆေးဆိုင် လုပ်ကိုင်နေတဲ့ နေအိမ်တခုမှာ ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ခံရတာဖြစ်တယ် ၊ ဦးဂျာနူးရဲ့ နေအိမ်ဆေးဆိုင်မှာဖြစ်တယ် ၊ သူတို့က ငွေလွှဲလုပ်ငန်း ၊ လုပ်ကိုင်တယ် ” လို့ လုံးခင်း ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုးညှင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၁၀ နာရီ ၄၅ မှာဖြစ်တယ် ၊ ကနဦး သိရတာက ငွေလွှဲဝန်ဆောင်မှု လုပ်တဲ့ ဦးဂျာနူးရဲ့ နေအိမ်ကို ဆိုင်ကယ် သုံးစီးနဲ့ အမည်မသိ လူသုံးယောက် (စီစစ်ဆဲ) က ပစ္စတိုသေနတ် ကိုယ်စီနဲ့ ဦးဂျာနူးရဲ့ အိမ်ထဲကိုဝင်လာတယ်လို့လည်း သိရတယ် ၊ နောက်ပြီး လင်ခရုစာ ကားနဲ့ လူ ခုနှစ်ယောက်လို့လည်း သိရတယ် ၊ အတည်ပြုနေဆဲဖြစ်တယ်၊ အဲ့ဒီလူတွေက ဝန်ထမ်းတွေနဲ့ အိမ်ရှင်တွေကို မှောက်ခိုင်းထားတယ် ၊ နောက်ပြီး ကောင်တာထဲက ပိုက်ဆံတွေနဲ့ ဘီရိုထဲက ပိုက်ဆံတွေ ယူဆောင်ပြီး ထွက်ပြေးသွားတယ် ၊ ပါဆုံးငွေက သိန်း ၁၂၀၀ ကျော်မယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ အရှေ့ညောင်ပင်ရပ်ကွက်မှာရှိတဲ့ အောင်သီရိ စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တပိသာဝန်းကျင်ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်တွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲဲ့ဒီဖြစ်စဥ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော် ကာလအတွင်း တနိုင်ငံ အတိုင်းအတာမှာ ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ၊ အဲ့ဒီလို လုယက်မှုဖြစ်ပွာတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊ အင်းတော် စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW