ရိုဟင်ဂျာ ၃၀၀၀ ကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်

 

ဒါကာ၊ အောက်တိုဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေးအစီအစဉ်တစိတ်တပိုင်းအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

“ ဒီနေ့မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဒုက္ခသည်တွေရဲ့ အထောက်အထားတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ လက်ထောက်ကော်မရှင်နာ Shamsud Douza ကပြောပါတယ်။

ဧပြီလအတွင်းမှာ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးမှုရဲ့ သဘောတူညီချက်အရ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်အဖြစ် လာမယ့် ဒီဇင်ဘာလမှာ ဒုက္ခသည် ၃၀၀၀ ခန့်ကို မြန်မာဘက်က ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိမှာ ဒုက္ခသည် တသန်းကျော် နေထိုင်နေကြပြီး သူတို့ကို မြန်မာနိုင်ငံပြန်ပို့ရေး ယခင်က ကြိုးပမ်းမှုအများအပြားဟာ မြန်မာဘက်က နှောင့်နှေးမှုတွေနဲ့ ဒုက္ခသည်တွေရဲ့ သဘောထားဆန္ဒတွေကြောင့် အောင်မြင်ခြင်းမရှိပါဘူး။

“မြန်မာဘက်က လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ရိုဟင်ဂျာတွေက သွားဖို့အဆင့်သင့်မဖြစ်သေးတာက စိန်ခေါ်မှုတခုပါပဲ” လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတယောက်ကပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံသားဖြစ်ခွင့်ရမှသာ မြန်မာနိုင်ငံပြန်မယ်လို့ ပြောဆိုထားကြပါတယ်။

Ref:AFP

Photo:AFP

 

Related posts

VOM News

FREE
VIEW