ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

 

အောက်တိုဘာ ၃၁ – ၂၀၂၃

SN (VOM)

အောက်တိုဘာ ၂၄ ရက်မှ ၃၁ ရက်အထိ တပတ်တာကာလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ‌ပြည်တွင်းရွှေ‌ဈေး အနည်းငယ် မြင့်တက်လာခဲ့ပေမယ့် ငွေလဲနှုန်းတွေကတော့ တဖြည်းဖြည်း ကျဆင်းလျက်ရှိပါတယ်။

မတည်ငြိမ်တဲ့ ကမ္ဘာ့ရေးရာ‌တွေကြောင့် လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ထိုးတက်နေပြီး ပြည်တွင်းမှာလည်း အရှိန်မြင့်လာတဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ရွှေဈေးကို အတက်ဘက်ရောက်အောင် တွန်းပို့နေသယောင် အခင်းအကျင်းမျိုး ဖြစ်ပေမယ့် တဖက်မှာလည်း နစက က ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်ထားတာကြောင့် ပြည်တွင်းရွှေဈေး တက်ရိပ်ပြနေပေမယ့်လည်း ကြီးမားတဲ့အပြောင်းအလဲ ဖြစ်ပေါ်နိုင်ခြေ မရှိသေးပါဘူး။

စင်္ကာပူ MOPS ရဲ့ ဈေးနှုန်းကို တွက်ချက်ပြီး တပတ်စာထုတ်ပြန်နေတဲ့ ပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးကတော့ ဒီတပတ် သတ်မှတ်ချက်မှာ အနည်းငယ် ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ပြည်တွင်းက ရွှေ၊ ငွေနဲ့ စက်သုံးဆီတို့ရဲ့ လာမယ့်တပတ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် ဈေးကွက်အခြေအနေတွေကို ခန့်မှန်း တွက်ဆနိုင်ဖို့အတွက် အခု တပတ်တာကာလ ဈေးကွက်အခြေအနေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေး အနည်းငယ် တက်ရိပ်ပြခဲ့ပေမယ့် တပတ်တာကာလအတွင်း သိသိသာသာ လှုပ်ခတ်မှုမျိုး မရှိခဲ့ပါဘူး။

“ပြည်တွင်းရွှေဈေးကတော့ လက်ရှိမှာ အခေါက်ရွှေက ၃၅ သိန်းနီးပါးပေါ့၊ ကျပ် သုံးဆယ့်လေးသိန်းခုနစ်သောင်း ဝန်းကျင်ကနေ တက်လိုက်ကျလိုက်နဲ့ အလှုပ်အခတ်နည်းနေတယ်လို့ ပြောရမှာပေါ့။ ကမ္ဘာ့ရွှေဈေးတက်နေပေမယ့် လက်ရှိမှာ နစကရဲ့ ထိန်းချုပ်မှုတွေကြောင့် ရွှေဈေးက ထင်သလောက် လိုက်တက်မလာသလို ဒေါ်လာဈေး ကျပြီး ငြိမ်နေတာကြောင့်လည်း ရွှေဈေးက သိသိသာသာ ပြောင်းလဲမှုမရှိတာပါ” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဈေးကွက်အဖွင့် အောက်တိုဘာ ၂၄ ရက် (တနင်္လာနေ့) မှာ တအောင်စ ‌၁၉၇၁ ဒေါ်လာသာ ရှိခဲ့ပေမယ့် သီတင်းကျွတ်ကာလအပြီး ဒီကနေ့ ဈေးကွက်အဖွင့် အောက်တိုဘာ ၃၁ ရက် (အင်္ဂါနေ့) မှာတော့ တအောင်စ ၂၀၀၂ ဒေါ်လာကို ရောက်ရှိနေပြီး တပတ်အတွင်း ၃၁ ဒေါ်လာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ငါးလတာအတွင်းမှာ ဒေါ်လာ ၂၀၀၀ အောက်မှာသာ ဈေးဖွင့်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ထုတ်ပြန်တဲ့ ဈေးကွက်ပေါက်ဈေးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဈေးကွက်အဖွင့် အောက်တိုဘာ ၂၄ ရက် (တနင်္လာနေ့) မှာ အခေါက်ရွှေ တကျပ်သား ကျပ်သိန်း သုံးဆယ် ကိုးသောင်း တထောင့်ငါးရာ ရှိခဲ့ပေမယ့် ဒီကနေ့ ဈေးကွက်အဖွင့် အောက်တိုဘာ ၃၁ ရက် (အင်္ဂါနေ့) မှာတော့ ကျပ် သုံးဆယ့်တသိန်း တသောင်းခြောက်ထောင့်ငါးရာဈေး ဖြစ်ပေါ်နေပြီး တပတ်အတွင်း ကျပ် နှစ်သောင်းခွဲ မြင့်တက်လာတာ ဖြစ်ပါတယ်။

#ငွေလဲနှုန်း

ပြည်တွင်း ငွေလဲနှုန်းတွေကတော့ တပတ်တာအတွင်းမှာ ဈေးနှုန်း တဖြည်းဖြည်း ကျဆင်းနေခဲ့တာ ဖြစ်ပြီး သီတင်းကျွတ်ကာလအပြီး ဒီကနေ့ အောက်တိုဘာ ၃၁ ရက် (အင်္ဂါနေ့) ဈေးကွက်အဖွင့်မှာတော့ အမေရိကန် တဒေါ်လာကို ၃၂၄၀ ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ တဒေါ်လာပေါက်ဈေး ၃၂၇၀ ကျပ်ဝန်းကျင် ရှိခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံခြား ငွေလဲဈေးနှုန်းတွေက တောက်လျှောက် ပြန်ကျနေတယ်။ ကန်ဒေါ်လာက တပတ်အတွင်းမှာ ၃၀ လောက် ကျတယ်။ ယွမ်ဈေးနဲ့ ဘတ်ဈေးလည်း မဆိုစလောက် ကျတယ်။ ဒီငွေဈေးက သီတင်းကျွတ်ပိတ်ရက်အပြီး နောက်ပိုင်းမှာလည်း ဒီတိုင်းသွားဖို့များပါတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးတွေမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းတွေလည်း အနည်းငယ် ကျဆင်း‌နေတာဖြစ်ပြီး ဒီကနေ့ ဈေးကွက်အဖွင့်မှာ တရုတ်ယွမ် ၄၅၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၀.၅၀ ကျပ်ဝန်းကျင်နဲ့ အိန္ဒိယရူပီး ၃၈.၉၆ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် (တနင်္လာ) နေ့ ဈေးကွက်ဖွင့်စဉ်တုန်းက တရုတ်ယွမ် ၄၅၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၀.၄၉ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၃၉.၃၄ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီ

လက်ရှိမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) က စင်္ကာပူ MOPS ရဲ့ တနင်္လာမှ သောကြာနေ့အထိ ငါးရက်ဈေးနှုန်းကို ပျှမ်းမျှတွက်ပြီး ပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးကို တနင်္လာမှ တနင်္ဂနွေနေ့အထိ တပတ်စာ တွက်ချက် ထုတ်ပြန်နေတာကြောင့် တပတ်တာအတွင်း စက်သုံးဆီဈေးနှုန်းတွေ တူညီနေမှာဖြစ်ပါတယ်။

“အခုလို သတ်မှတ်လိုက်တာ ကောင်းတယ်။ အာရုံမနောက်တော့ဘူး။ နောက်မို့ဆို တရက်တရက်က ဆီဈေးလိုက်စုံစမ်းနေရတာနဲ့ အာရုံနောက်ရတယ်။ ကျွန်တော်တို့က ညနေ ၆ နာရီလောက်ဆို ဆီဈေးစုံစမ်းရပြီ။ မနက်ဖြန် ဆီဈေးကျပြီ၊ မနက်ဖြန် ဆီဈေး တက်ပြီဆိုရင် လိုက်ပြီး လုထည့်ထားရတယ်။ အခုလို တပတ်စာသတ်မှတ်လိုက်တာ ပိုကောင်းတယ်” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

လက်ရှိမှာတော့ PPRD က အောက်တိုဘာ ၃၀ ရက် (တနင်္လာနေ့) မှ နိုဝင်ဘာ ၅ ရက် (တနင်္ဂ‌နွေနေ့) အထိ တပတ်စာ စက်သုံးဆီဈေးနှုန်းကို ရန်ကုန်မြို့အတွက် အောက်တိန်း 92 တလီတာ ၂၀၈၀ ကျပ်၊ 95 တလီတာ ၂၁၉၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၅၀ ကျပ်၊ မန္တလေးမြို့အတွက် အောက်တိန်း 92 တလီတာ ၂၁၂၅ ကျပ်၊ 95 တလီတာ ၂၂၄၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၀၀ ကျပ်၊ နေပြည်တော်အတွက် အောက်တိန်း 92 တလီတာ ၂၁၂၀ ကျပ်၊ 95 တလီတာ ၂၂၃၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၃၈၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၉၅ ကျပ် သတ်မှတ်ထားပြီး အရင်တပတ် အောက်တိုဘာ ၂၃ ရက်ကနေ ၂၉ ရက်အထိ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင် ပျမ်းမျှအားဖြင့် တလီတာ ၁၅ ကျပ်ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW