မိုရေးမှာ စျေးဝယ်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို အိန္ဒိယရဲက ဖမ်းဆီးစစ်ဆေးနေ

နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃
SP ( VOM)
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ရဲ့ မနက်ခင်းစျေးမှာ စျေးဝယ်သွားတဲ့ မြန်မာနိုင်ငံ ၄၄ ယောက်ကို ဒီကနေ့ နိုဝင်ဘာ တရက် မနက်ပိုင်းက အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်စပ်ကုန်သည်များဆီက သိရပါတယ်။
” အခါတိုင်းလည်း မိုးရေးမြို့ဘက်က မနက်စျေး (ဒေသအခေါ် ကသည်းစျေး) ကို မြန်မာတွေ စျေးရောင်း စျေးဝယ်သွားကြတယ် ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ် နှစ်ဂိတ်ရှိတယ် ၊ 1 ဂိတ်နဲ့ 2 ဂိတ် နန်းဖာလုံ ဂိတ် ဖြစ်တယ် ၊ အဲ့ဒီ ဂိတ်တွေက ကိုဗစ်ရောဂါတွေဖြစ်ကတည်းက ပိတ်ထားတယ် ၊ အဲ့ဒီနောက် ခဏ ပြန်ဖွင့်ပေးတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ ထဲမှာ တမူးမြို့ထဲမှာ အိန္ဒိယနိုင်ငံသား နှစ်ယောက် ပစ်သတ်ခံရပြီး မိုးရေးမြို့ထဲမှာ ဆန္ဒပြတာတွေဖြစ်ပြီးနောက် ဂိတ်တွေအားလုံး ပြန်ပိတ်သွားတယ် ၊ အခုထိပဲ ပိတ်ထားဆဲဖြစ်တယ် ၊ အိန္ဒိယဘက်က တရားဝင်ခွင့်ပြုမထားပေမယ့် စျေးရောင်း စျေးဝယ်ကိစ္စကို နားလည်မှုနဲ့ သွားလာလို့ရတယ် ၊ ဒီမနက် ဘာသတင်းရလို့ ဖမ်းတာလည်း မသိဘူး ၊ မြန်မာနိုင်ငံဘက်က ဝင်လာတဲ့ လူ ၅၀ လောက် အိန္ဒိယရဲတွေ ဖမ်းထားတယ် ” လို့ တမူးမြို့ခံ နယ်စပ်စျေးသည်တယောက်က ပြောပါတယ်။

အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့မှာ နေထိုင်တဲ့ နယ်စပ်ကုန်သည် စီးပွားရေးလုပ်ငန်းရှင် ဦးဂျမား က ” ပြီးခဲ့တဲ့ မေလထဲမှာ မဏိပူရ်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ မိုးရေးမြို့ အပါအဝင် ရွာပေါင်း ၂၀ ကျော် မီးရှို့ခံရတယ် ၊ အဲ့ဒီ လူမျိုးရေး ပဋိပက္ခမှာ လူ ၂၀၀ ကျော် သတ်ခံရတယ် ၊ အဲ့ဒီနောက် မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က နယ်စပ်နဲ့ တောင်တန်းဒေသတွေကိုလူစာရင်းကောက်တာတွေ ၊ မျိုးရိုးဗီဇ စစ်ဆေးတာတွေ လုပ်တယ် ၊ အဲ့ဒီလို လုပ်တဲ့အခါ အထောက်အထားမရှိပဲ နေထိုင်တဲ့ မြန်မာနိုင်ငံ ၈၀၀ ကျော်တွေ့ရတယ် ၊ အဲ့ဒီထဲက ထွက်ပြေးတိမ်းရှောင်တဲ့သူတွေရှိသလို အဖမ်းခံရသူတွေလည် ရှိတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသား နှစ်ယောက်ဆီက လက်နက်ခဲယမ်းတွေ ဖမ်းမိတယ် ၊ ဒီရက်ပိုင်းမှာ မိုးရေးမြို့က နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ လုပ်ကြံ ပစ်ခတ်ခံရတာတွေရှိတယ် ၊ အဲ့ဒါကြောင့် ဒီမနက်ပိုင်းက အဖွဲ့စုံပါတဲ့ အိန္ဒိယ ရဲတွေက အိန္ဒိယ မှတ်ပုံတင်ကဒ်တွေ စစ်ဆေးပြီး ဖမ်းဆီးတာတွေ လုပ်တယ် ၊အဲ့ဒီမှာ မြန်မာဘက်ကဝင်လာတဲ့ လူ ၄၄ ယောက်ကို ဖမ်းဆီးစစ်နေတယ် ၊ မိုးရေး ရဲစခန်းမှာ စစ်ဆေးနေတာဖြစ်တယ် ၊ အဲ့ဒီ ၄၄ ယောက်ထဲက မြန်မာဘက်က လူ ၃၂ ယောက်ပါနေတယ် ၊ အခုထိတော့ လွတ်မပေးဘူး ၊ ဒီကနေ့ ပြန်လွတ်ပေးမလားဆိုပြီး နန်းဖာလုံဂိတ်နားမှာ သူတို့ မိသားစုတွေ လာစောင့်တာတော့ရှိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်းမှာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ မြန်မာ နယ်စပ်စည်းမျဥ်း ဝန်းကျင်မှာ အထောက်အထားမဲ့ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား တရာကျော် ဖမ်းဆီးပြီး အိန္ဒိယ လဝက ဥပဒေအရ အရေးယူပြီးနောက် အင်ဖာ( Inphal)ထောင်မှာ ထားတယ်လို့ သိရပါတယ်။
၂၀၂၁ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်မှာ မြန်မာနိုင်ငံသား ခြောက်သောင်းကျော် ၊ မဏိပူရ်ပြည်နယ်မှာ တစ်သောင်းဝန်းကျင် ခိုလှုံနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ် Arunachal Pradesh နဲ့ ၅၂၀ ကီလိုမီတာ၊ နာဂ‌လင်န်း (Nagaland) ပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရနဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ် ပြည်နယ်နဲ့ ၅၁၀ ကီလိုမီတာ စုစုပေါင်း ၁,၆၄၃ ကီလိုမီတာ နယ်စပ်ချင်း ဆက်နေပါတယ်။
ဓာတ်ပုံ ၊ မိုးရေးနယ်စပ် ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW