နိုဝင်ဘာ ၁-၂၀၂၃
Sh V(VOM)
စစ်ရေးအခြေအနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအနှံ့အပြားမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ ဖြစ်တဲ့ MNDAA, TNLA, AA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ BPLA, Mandalay PDF တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်တပ်၊ ရဲစခန်း၊ပြည်သူ့စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ငွေလိမ်ဂိုဏ်း တွေကို အဓိကထား ထိုးစစ်ဆင်မယ်ဆိုပြီး တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
ကိုးကန့် ဘက်ကတော့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်တပ်ခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့လက်နက်ချ အလင်းဝင်လာသူ အများအပြားရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
စစ်ပွဲအခြေအနေကို လေ့လာနေတဲ့ ဒေသခံတယောက်ပြောပြတာကတော့
“ စဖြစ်တဲ့နေ့က စစ်တပ်ကုန်းတွေက လူအင်အား မယှဥ်သာတော့ ကျတာတွေရှိပြီးနောက် လက်နက်ကြီးတွေနဲ့ နောက်က တရစပ် ပစ်နေတာများတယ်၊ မြို့သိမ်းတယ်ဘာညာဆိုတာ သတင်းတချို့မှာတွေ့သလိုတော့ မဟုတ်ဘူး ၊ မြို့ထဲကျည်ပေါက်တာမျိုးသိပ်မတွေ့ဘူး၊ စခန်းတွေကို အလစ်အငိုက်၀◌င်တိုက် ပြီးရင်တောထဲပြန်ဆုတ် တပ်ကနောက်မှ လေယာဉ်ဘာညာနဲ့ လိုက်ပစ်တဲ့အနေအထား တပ်ရဲ့တုံ့ပြန်မှုက ဒီနေ့ခါတိုင်းထက်ပိုကြမ်းလာတာမျိုးတွေ့ရတယ်” လို့ အခြေအနေကို ပြောပြပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့မှာတော့ နစကစစ်တပ်ဘက်ကတော့ ပန်ဆိုင်း(ကြူကုတ်)၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို ဘက်တွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီပွဲမှာမပါတဲ့ UWSA အဖွဲ့အနေက သူတို့ရဲ့ ထိန်းချုပ်နယ်မြေထဲ စစ်ရေးအရ ကျူးကျော်လာရင် ပြန်လည်တုံ့ပြန်သွားမှာဖြစ်ကြောင်းနိုဝင်ဘာ ၁ ရက်နေ့က အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ဖြစ်တဲ့ NDAA မိုင်းလားအဖွဲ့ကလည်း တရုတ် – မြန်မာ နယ်စပ်တလျှောက် စစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရကာ စစ်ဘေးရှောင်ရမှုအပေါ် လွန်စွာစိတ်မကောင်းကြောင်း၊ ဘက်မလိုက်တဲ့နိုင်ငံရေး ရပ်တည်ချက်နဲ့ မည်သည့် လက်နက်ကိုင်ပဋိပက္ခမျိုးမဆို ပါဝင်စွက်ဖက်မှာမဟုတ်ကြောင်း၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ကြောင့် နိုဝင်ဘာ ၁ ရက်နေ့မှာ အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်နဲ့ ကြောင်း ဗုံးကြောင့် ပန်ဆိုင်း (ကြူကုတ်)၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မုံးစီး၊ သိန္နီ၊နမ္မတူ မြို့နယ်တွေထဲက ပြည်သူတွေ ၁၀ ဦးထက်မနည်း ကျည်စထိမှန် သေဆုံးခဲ့ပြီး သုံးလေးဆယ်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
“လေယာဉ်ဗုံးလာကြဲတဲ့အချိန် ရက်ကွက်ထဲက နေအိမ်ပေါ် လာကျတယ်။ တစ်အိမ်တည်းက မိသားစု သုံးယောက်ထိသွားတယ်။” လို့ပန်ဆိုင်း ဒေသခံ ၁ ဦးက ပြောပါတယ်။
စစ်ရှောင်ရတဲ့ ပြည်သူများ
၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့မှာ စစ်ဘေးရှောင်ပြည်သူတွေ သောင်းချီ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဖောင်းဆိုင် ၁၁၁၃ ဦး၊ မုံးကိုး ၇၄၂ ဦး၊ မူဆယ် ၂၂၀ ဦး၊ သိန္နီ ၃၀၀၀ ကျော်၊ လားရှိုး ၆၄၅၅ ဦး၊ ကျောက်မဲ ၄၄၆ ဦး၊နောင်ချို ၁၀၀ ကျော် ရှိကြောင်းသိရပါတယ်။
တချို့ မုံးစီး၊ နမ့်ဇလပ်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ပေါင် နဲ့ အခြားနေရာတွေမှာလည်း စစ်ရှောင်ပြည်သူတွေ အများအပြား ရှိကြောင်း သိရပါတယ်။
“ထွက်ပြေး တိမ်းရှောင်ရင်တောင် ဗိုက်ဆာရင် ရေသောက်လို့ ရတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာကျတော့ ကျည်တွေကို ရှောင်လို့ မရဘူးလေ။ စစ်ရှောင်တွေက ဘာမှ ပါမလာဘူး။ အဓိက အစားအသောက် နဲ့ ဆေးဝါးတွေတော့ လိုတာပေါ့” လို့ စစ်မြေပြင်မှာ လေးရက်ကြာပိတ်မိပြီး လွတ်မြောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။
ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲံမိသားစုတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်ရတဲ့အထဲ ပါနေပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေ
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစ တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရာ လမ်းမကြီး ၂ ခု ဖြစ်တဲ့ လားရှိုး – ချင်းရွှေဟော်လမ်းနဲ့ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးကိုလည်း ပိတ်လိုက်ပြီး သိန္နီမြို့ အဝင်ရှိ နမ္မတူချောင်းတံတားလည်းမိုင်းခွဲခံရကာ ကျိုးကျသွားခဲ့ကာ မြို့အထွက်ဘက်မှာလည်း မြေကော်စက်နဲ့ မြေဖို့လမ်းပိတ်ထားပြီး တိုးဂိတ်အနီးမှာလည်း ကားတွေနဲ့ကန့်လန့် ပိတ်ထားပါတယ်။
ဒါ့အပြင် လားရှိုး – မန္တလေး ပြည်ထောင်စုလမ်းမ ဖြစ်တဲ့ ဂုတ်တွင်း ကျောက်မဲဘက် ခြမ်းမှာလည်း လမ်းကို မြေဖို့ ပိတ်ထားသလို နောင်ချိုမြို့အနီးက ကျောင်ကြမ်းရွာနားမှာလည်း ဖြတ်ကျော်လို့ မရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဘယ်သူမှ သွားလာခွင့် မပေးထားဘူး။ ပြည်သူတွေလည်း သွားလို့ မရဘူး။ ဆိုင်ကယ်တွေလည်း သွားလို့ မရဘူး။ တွေ့ရင် ပစ်မယ်လို့ပြောထားတယ်။ အခု ပြည်ထောင်စု လမ်းမပေါ် နေရာအများစုမှာ ၁၀၂၇ စစ်ဆင်ရေး အဖွဲ့က ဝဲ၊ ယာ နေရာယူထားပြီ။ ပြည်ထောင်စုလမ်းမပေါ် လုံးဝ သွားလို့ မရပါဘူး။ ကားတွေလည်း တိုက်ပွဲ စဖြစ်တဲ့ နေ့က ရောက်တဲ့ နေရာ ရပ်ထားရတယ်။ အများကြီး ပိတ်မိနေတာရှိတယ်” လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။
မုံးကိုး – ပန်ဆိုင်းကြား၊ ကွတ်ခိုင် – မုံးစီးကြား နဲ့ လားရှိုး – နမ့်ပေါင် ကြား တွေမှာလည်း လမ်းတွေ ပိတ်ထားကြောင်း သိရပါတယ်။
တယ်လီဖုန်းလိုင်းတွေကတော့ ရလိုက်မရလိုက်ဖြစ်တတ်ပြီး အင်တာနက်လိုင်းတွေကတော့ အတော်နှေးကွေးနေတယ်လို့ အင်တာနက်အသုံးပြုသူတွေကပြောပါတယ်။
အဆမတန်တက်လာတဲ့ကုန်ဈေးနှုန်း
တိုက်ပွဲကြောင့် လမ်းတွေ ပိတ်သွားပြီးနောက် ငွေရှိသူတွေက ပစ္စည်းတွေ အများအပြား ဝယ်လှောင်သူတွေ ရှိလာသလို ပစ္စည်းပြတ်လပ်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်လာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
“ခါတိုင်း ခြောက်သောင်းလောက် ရှိတဲ့ဆန် ကြမ်း ဒီနေ့ နှစ်သိန်းခြောက်သောင်းတဲ့။ ဆန်ဝယ်တာတောင် ကြိတ်ကြိတ်တိုး တန်းစီဝယ်ရတယ်။ ဆန်ဆိုင်တောင် တံခါးမဖွင့်ရဲလောက်အောင် ဖြစ်သွားတာ။ ကွတ်ခိုင်ကတော့ လယ်တွေ သိပ်မရှိဘူး။ အဖက်ဖက်က လမ်းတွေပိတ်ထားတော့ ပိုက်ဆံရှိတဲ့သူတွေက အများအပြား ဝယ်လှောင်ထားကြတယ်” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
မူဆယ်ဒေသခံ ၁ ဦးကလည်း
“ပစ္စည်းတွေ အကုန်ဈေးတက်တယ်။ တချို့ဆို ဝယ်လို့မရတော့ဘူး။ ပစ္စည်းပြတ်ကုန်ပြီ။ ဖုန်း ငွေဖြည့်ကဒ်တွေလည်း ပြတ်ကုန်ပြီ။ ၁၀၀၀တန်ငွေဖြည့်ကဒ် ၁၅၀၀ ဖြစ်သွားပြီ။ ဆန်ဈေးတွေလည်းတက်။ ဆီဈေးတွေလည်းတက်။ အကုန်ဈေးတက်တယ်” လို့ ပြောပါတယ်။ လူသုံးကုန်ပစ္စည်းနဲ့ စက်သုံးဆီ ရှိလျက်နဲ့ မရောင်းပေးတဲ့ဆိုင်နဲ့ ဈေးနှုန်း အဆမတန် ရောင်းချတဲ့ ဆိုင်တွေကို အရေးယူမှာဖြစ်ကြောင်း၊စားသုံးသူတွေအနေနဲ့ လိုသလောက်သာ ဝယ်ယူကြရန်၊ အဆမတန် ရောင်းချပါက တိုင်ကြားရန် အထူး ကွတ်ခိုင်တိုက်နယ် KIA အုပ်ချုပ်ရေးမှူးရုံးက အောက်တိုဘာ ၃၁ ရက်နေ့က အသိပေးကြေညာစာ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။
Photo CJ, ဒေသခံ
#voiceofmyanmar #VOM #ရှမ်းပြည်မြောက်ပိုင်းအခြေအနေ