နိုဝင်ဘာ ၆ – ၂၀၂၃
SN (VOM)
နိုဝင်ဘာ ၁ ရက်မှ ၆ ရက်အထိ ကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ဘက်ကို ရောက်ရှိလာခဲ့ပေမယ့် ငွေလဲနှုန်းတွေကတော့ ထူးထူးခြားခြား အပြောင်းအလဲ မရှိခဲ့ပါဘူး။ စက်သုံးဆီဈေးကတော့ တပတ်စာ ဈေးသတ်မှတ်ချက်နဲ့ ထုတ်ပြန်နေတာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) ဈေးစတင် သတ်မှတ်ချက်မှာတော့ 92 အောက်တိန်းတလီတာကို ၂၀၆၀ ကျပ်နဲ့ ဈေးဖွင့်ထားခဲ့ပြီး ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။
လက်ရှိမှာ ရှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်တရုတ်နယ်စပ်မှာ ကုန်စည်စီးဆင်းမှု ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီး အရောင်းအဝယ် မရှိတော့တဲ့အတွက် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေပြီး တရုတ်ယွမ်ကတော့ အကျဘက်ကို ရောက်လာတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
ဒါ့အပြင် လက်ရှိ ကမ္ဘာ့ရွှေဈေးဟာလည်း စစ်ရိပ်သမ်းနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တအောင်စ ဒေါ်လာ ၂၀၀၀ စွန်းစွန်းကို ရောက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်လာ ၂၀၀၀ အောက်ဝန်းကျင်ကို ပြန်လည် ရောက်ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေး ၂၀၀၀ အထက် ဖြစ်ပေါ်ခဲ့ချိန်က အမြင့်ဆုံး ကျပ် သုံးဆယ့်လေးသိန်းခုနစ်သောင်းဝန်းကျင်မှာ ရှိနေတဲ့ ပြည်တွင်းရွှေဈေးဟာ အခု ကမ္ဘာ့ရွှေဈေး ၂၀၀၀ အောက် ရောက်ရှိနေချိန်မှာတော့ ကျပ် ၃၅ သိန်းကျော်နဲ့ အမြင့်ဈေး ဖြစ်ပေါ်နေပါတယ်။
အခုလို ပြည်တွင်းရွှေဈေး အတက်ဘက်ကို ရောက်ရှိလာခြင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့ရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် နစကရဲ့ကိုယ်စား ရုရှားကနေ လက်နက်ဝယ်ပေးနေတယ်လို့ သံသယရှိသူ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် အရေးယူမှုတွေနဲ့ သက်ဆိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
အခုလို ဒဏ်တပ်ပိတ်ဆို့ အရေးယူမှုတွေကြောင့် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လာမယ့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်လားရာကို ချိန်ဆနိုင်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၆ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်အခြေအနေတွေကို VOM ကနေ စုစည်း ဖော်ပြပေးလိုက်ရပါတယ်။
ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း ပြန်လည် မြင့်တက်လာနေတာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာတော့ အခေါက်ရွှေတကျပ်သား ကျပ် သုံးဆယ်ငါးသိန်းတသောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အခေါက်ရွှေတကျပ်သား ကျပ် ၃၃ သိန်းကျော်မှ ၃၄ သိန်းကျော်ဝန်းကျင် ရှိနေရာမှ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်လာပြီး ၂ ရက်နေ့၊ နေ့လယ်ပိုင်းမှာတော့ ကျပ် ၃၅ သိန်းကျော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
“လက်ရှိ ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၁၉၉၀ ကျော် ဝန်းကျင်မှာ ရှိနေပေမယ့် မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ မကြာသေးခင်က အမေရိကန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ် အရေးယူမှု လုပ်ခဲ့တဲ့ ဂယက်တွေကြောင့် ဒေါ်လာရော ရွှေဈေးပါ တက်ရိပ်ပြလာတယ်။ လက်ရှိ ဈေးကွက်အခြေအနေက ရွှေဆိုင်တွေကတော့ အရောင်းအဝယ် နည်းနည်းတော့ပါးတာပေါ့နော်။ ရောင်းတော့ရောင်းနေရပါတယ်။ အတုံးဈေးကွက်ကတော့ ပျက်နေတာကြာပြီ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ၊ ၂၉ ၊ ၃၀ ရက်နေ့တွေမှာ တအောင်စ ဒေါ်လာ၂၀၀၀ စွန်းစွန်းကို ရောက်ရှိခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်းမှာတော့ တအောင်စ ၁၉၈၀ ၊ ၁၉၉၀ ဒေါ်လာ ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး ဒေါ်လာ၂၀၀၀ ကျော်ကို ရောက်ရှိခဲ့တဲ့ သုံးရက်အတွင်းမှာ မြန်မာ့ရွှေဈေးဟာ ကျပ် သုံးဆယ့်လေးသိန်းခြောက်သောင်းခွဲ၊ ကျပ် သုံးဆယ့်လေးသိန်းခုနစ်သောင်း ဝန်းကျင် ရှိခဲ့ပေမယ့် လက်ရှိ ကမ္ဘာ့ရွှေဈေး ၂၀၀၀ အောက် ရောက်ရှိနေချိန်မှာတော့ ကျပ် သုံးဆယ့်ငါးသိန်းငါးထောင်ကနေ ကျပ် သုံးဆယ့်ငါးသိန်းနှစ်သောင်းခွဲအတွင်း အတက်အကျ အပြောင်းအလဲ များလျက်ရှိတယ်လို့ သိရပါတယ်။
ငွေလဲနှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန် တဒေါ်လာကို ၂၉၃၂ ကျပ် သတ်မှတ်ပြီး အရောင်းအဝယ် ပြုလုပ်ပေးနေတဲ့အတွက် ဘဏ်သတ်မှတ်ဈေးနှုန်းမှာ ပြင်ပပေါက်ဈေး တဒေါ်လာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ငွေလဲနှုန်းကွာဟချက် ကျဉ်းမြောင်းလာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလရဲ့ ပြင်ပ ငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာ ဈေးနှုန်းဟာ အမြင့်ဆုံး တဒေါ်လာကို ၃၃၆၅ ကျပ်နဲ့ အနိမ့်ဆုံး တဒေါ်လာ ၃၂၃၀ ကျပ် ဝန်းကျင် ရှိခဲ့ပေမယ့် တလလုံးစာ ဈေးနှုန်းတွေကို ခြုံငုံကြည့်ပါက အကျဘက်ကိုသာ ဦးတည်ခဲ့တာကို တွေ့ရှိရပါတယ်။
“ငွေလဲဈေးကွက်ကတော့ လက်ရှိမှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ပဲ သွားနေတယ်။ ထူးထူးခြားခြား အပြောင်းအလဲတော့ မရှိဘူး။ အခုက ငွေလဲနှုန်းတွေက အကျဘက်ကို နည်းနည်းစီ ပြန်ရောက်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော့်အထင်ကတော့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့်လို့ ယူဆတယ်။ ထပ်ကျနိုင်ခြေလည်း ရှိတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။
ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးနှုန်းတွေဟာ တပတ်တာအတွင်း တဒေါ်လာ ၃၂၇၀ ကျပ်ဝန်းကျင်မှာ ဈေးငြိမ်နေပေမယ့် နယ်စပ်ကုန်သွယ်ရေးမှာ အသုံးပြုနေတဲ့ တခြားသော ငွေလဲဈေးနှုန်းတွေ ကျဆင်းနေပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက် ပေါက်ဈေးအရ တရုတ်ယွမ် ကျပ် ၄၅၀ ဝန်းကျင်၊ ထိုင်းဘတ် ၉၀.၉၀ ကျပ် ဝန်းကျင်၊ အိန္ဒိယရူပီး ၃၈.၇၂ ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေကတော့ လက်ရှိမှာ တပတ်စာဈေး 92 အောက်တိန်းတလီတာကို ၂၀၆၀ ကျပ် သတ်မှတ်ထားတာကြောင့် ပြီးခဲ့တဲ့ တပတ်စာ ဈေးသတ်မှတ်ချက်ထက် ကျပ် ၂၀ လောက် ကျဆင်းလာတာကို တွေ့ရပါတယ်။
“စက်သုံးဆီဈေးကတော့ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ အနေအထားပေါ့။ ဈေးကျလာတယ်ဆိုပေမယ့် အရမ်းကြီး ဈေးနှုန်းကွာဟမှုတော့ မရှိဘူး။ အခုရောက်နေတဲ့ ဈေးတန်းကလည်း အရင်တုန်းက ဈေးတန်း တခုနဲ့ယှဉ်ရင် စက်ဆီဈေးကျလာတယ်လို့ ပြောလို့မရပါဘူး။ အခု ဆီဈေး ကျနေတယ်ဆိုတာ လတ်တလော အရမ်းမြင့်တက်မှုအတွက် ဈေးကျတယ်ပဲ ပြောလို့ရမယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) က စင်္ကာပူ MOPS ရဲ့ တနင်္လာမှ သောကြာနေ့အထိ ငါးရက်ဈေးနှုန်းကို ပျှမ်းမျှတွက်ပြီး ပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးကို တနင်္လာမှ တနင်္ဂနွေနေ့အထိ တပတ်စာ တွက်ချက် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) မှ နိုဝင်ဘာ ၁၂ ရက် (တနင်္ဂနွေနေ့) အထိ တပတ်စာ စက်သုံးဆီဈေးကို ရန်ကုန်မြို့အတွက် အောက်တိန်း 92 တလီတာ ၂၀၆၀ ကျပ်၊ 95 တလီတာ ၂၁၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၅ ကျပ်၊ မန္တလေးမြို့အတွက် အောက်တိန်း 92 တလီတာ ၂၁၁၀ ကျပ်၊ 95 တလီတာ ၂၂၁၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၆၀ ကျပ်၊ နေပြည်တော်အတွက် အောက်တိန်း 92 တလီတာ ၂၁၀၀ ကျပ်၊ 95 တလီတာ ၂၂၀၅ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၂၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၆၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Photo:Crd