ဆူးငှက်
သီတင်းကျွတ်ပြီ။
သီတင်းကျွတ်တာနှင့် အလုံးအရင်းနဲ့ဝင်လာမှာတွေက မင်္ဂလာဆောင်ဖိတ်စာတွေပါ။ တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ငယ်ငယ်… ကိုယ့်မိဘများဆီ အခုလိုဝါလကင်းလွတ် သီတင်းကျွတ်ရင် အခုလောက် မင်္ဂလာဆောင်ဖိတ်စာ လာဖွယ်မရှိခဲ့ဘူးဆိုတာပါ။ အဲဒီကာလ ကိုယ့်မိဘကများ လူမှုရေးနည်းပါးခဲ့လို့လား။ ဒီလိုလည်းမဟုတ်သေးပါဘူး။ ကိုယ့်ထက်တောင်ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်တယ်ပြောရမလားပဲ။ ဘာလို့လဲ ဆိုတော့ အဖေရောအမေရာက ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ။ အမေကဆိုရင် ဥယျာဉ်တန်း၊ ဒီဘိုးလမ်း၊ မလွန်၊ ရသာတန်း၊ မျက်ပါးရပ်၊ ဗောဒီကုန်းအထိ သူ့ဖောက်သည်တွေ…။ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဈေးဗန်းခေါင်းရွက်ပြီး တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဈေးရောင်းတာ…။ သူ့ဖောက်သည်နဲ့သူက အလုပ်သဘော အရောင်းအဝယ်သဘော ဆက်ဆံရေးတင်မဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ရောက်တဲ့အိမ်က ခူးခပ်ကျွေးတာ…။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နေကြတာ…။
အဖေက မြောက်ပြင်တစ်ခို ၁၅ လမ်း၊ ၁၄ လမ်းအထိ သူ့ဖောက်သည်တွေ…။ အဖေနဲ့ သူ့ဖောက်သည်ဆိုတာလည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင်တွေပါပဲ။ ဒီလိုလူနေမှု ဝန်းကျင်မှာလည်း အာဝါဟ၊ ဝိဟာရ ကိစ္စတွေ ရှိကြတာပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ်လောက် လူမှုရေးမှာ ဖိတ်စာမများလောက်ဘူးထင်တာပဲ။ ဘာကြောင့် မများတာလဲ…၊ ပြန်စဉ်းစားလိုက်ပြန်တော့ လူမှုရေးမှာ သူ့အကန့်နဲ့ သူရှိကြတဲ့သဘောပါ။ အထူးသဖြင့် “သာရေး”အပိုင်းမှာ လိုအပ်မှဖိတ်ကြားမယ်။ မလိုအပ်ဘဲ အဖိတ်ကြားခံရသူအပေါ်မှာ ဝန်မပိစေချင်တဲ့ သဘောလည်း ပါပါတယ်။ အဖိတ်ကြားမခံရလို့ မခင်ဘူး၊ မရင်းနှီးဘူး၊ ဂုဏ်ငယ်တယ်လို့လည်းဘယ်သူကမှ မအောက်မေ့ကြပါဘူး။ သားသမီးအရင်းအချာ မင်္ဂလာဆောင်မယ်၊ ဒီသားသမီးကလည်း ဖိတ်ကြားခံရသူနဲ့လည်းသိကျွမ်းရင်းနှီးတယ်ဆိုမှ ဖိတ်တဲ့သဘောပါပဲ။ တစ်ခုတော့ရှိတာပေါ့ မြို့မျက်နှာဖုံး၊ ဂုဏ်သရေရှိအသိုင်းအဝန်း၊ ငွေကြေးတတ်နိုင်တဲ့မိသားစုဆိုရင်တော့ သူတို့က ရင်းနှီးသူမှန်သမျှ ဖိတ်ကြားပြီး ကျွေးချင်မွေးချင်တာကလား…။ ဖိတ်စာမှာကိုက“လက်ဖွဲ့ခြင်းသီးခံပါ”ဆိုတာ ရိုက်ထည့်လိုက်တယ်။ ပြီးတော့ ကိုယ်တိုင်ဖိတ်ပြီး လာဖြစ်အောင် သေချာမှာကြားတယ်။ ကြိုက်သလောက်ထိုင်…၊ ကြိုက်သလောက်စား၊ မင်္ဂလာရှင်က ဝမ်းသာပီတိဖြစ်ကြတယ်။
မင်္ဂလာဆောင်ဆိုရင်လည်း အဲဒီခေတ်က အိမ်ရှေ့၊ ဒါမှမဟုတ် အိမ်နဲ့အနီးဆုံး ကွက်လပ်မှာ မဏ္ဍပ်ကြီး ထိုးတယ်။မင်္ဂလာမဆောင်ခင် ၇ ရက်ကြိုပြီး မဏ္ဍပ်တိုင်ထူ၊ ကန်တော့ပွဲထိုး…။ အဲဒီရက်ကတည်းက မင်္ဂလာရှင်အိမ်မှာ မင်္ဂလာပွဲအတွက်ပြင်ကြဆင်ကြပြီ။ နယ်ကအမျိုးတွေလည်း သတို့သား သတို့သမီးအိမ်ကို ရောက်ကုန်ကြပြီ။ ဖိတ်ကြားဖို့အတွက် စီစဉ်ကြပြီ။ရပ်ကွက်ထဲက လူပျို၊ အပျိုတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖိတ်ပြီးပြီ။ မင်္ဂလာဆောင်ဖို့နီးလာလေလေ လာသမျှလူ ဧည့်ခံရလေလေပါပဲ။ မင်္ဂလာဆောင်နဲ့ နှစ်ရက်ပဲအလိုမှာ မဏ္ဍပ်ဆောက်ပါပြီ။ မဏ္ဍပ်အတွက်လည်း ကန်တော့ပွဲထိုးရတာပေါ့။ မဏ္ဍပ်သမားတွေကိုလည်း ကျွေးရမွေးရ သေးတာပေါ့။ အဲဒီအချိန်ထဲက ရပ်ကွက်ထဲမှာ ဖိတ်ကြားထားတဲ့ လူပျို၊ အပျိုတွေက အလုပ်နားပြီးမင်္ဂလာရှင်ရဲ့ အိမ်မှာ လိုတာဝိုင်းကူဖို့ရောက်လာကြပြီပေါ့။ ညမှာဆို အောင်သပြေတွေ၊ ရွှေပန်း၊ ငွေပန်းတွေနဲ့ ကမ်းပန်းတွေစည်းကြပြီ။ လက်ဖွဲ့ပြန်မယ့် ပစ္စည်းတွေပြင်ဆင်ကြပြီ။ လက်ဖွဲ့ပြန်တယ်ဆိုတာ မင်္ဂလာဆောင်ကို လာပြီး လက်ဖွဲ့တဲ့ သူတွေအတွက် မင်္ဂလာရှင်တွေက ပစ္စည်းတွေပြန်ပြီး လက်ဆောင်ပေးတာပါ။ တချို့ဆိုရင် မျက်နှာသုတ်ပုဝါ တွေပြန်တယ်။ တချို့ကပန်ကန်ပြား၊ ပန်ကန်လုံး၊ အချိုစုံပန်းကန်တွေပြန်တယ်။ နောက်ပိုင်းမှာတော့ မင်္ဂလာသတို့သား သတို့သမီးနာမည်ပါတဲ့ စက္ကူယပ်တောင်တွေကမ်းပါတယ်။ ဒါကလည်း စစ်ပြီးခေတ်နောက်ပိုင်း မန္တလေးဝါးတန်းရပ်က ဦးဘခြုံနဲ့ဇနီး ဒေါ်ဉာဏ်ဉာဏ်တို့ကစတင်တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်္ဂလာဆောင်မှာသာမက အလှူမှာပါ ယပ်တောင်ပြန်ကမ်းကြပါတယ်။ ဒီဓလေ့က အခုထက်ထိ ထွန်းကားဆဲပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ယပ်တောင်အစား ပလပ်စတစ်ပန်းနဲ့ ကတ်လေးတွေ၊ ပြက္ခဒိန်လေးတွေ၊သော့ချိတ်လေးတွေပဲ ပြန်ကမ်းပါတော့တယ်။ ဘာပဲပြောပြော မန္တလေးမင်္ဂလာဆောင်ဆိုတာ အချိန်နဲ့ကျွေး၊ အတိုင်းအတာပမာဏသတ်မှတ်ချက်နဲ့ပဲကျွေးတာမျိုးမဟုတ်ခဲ့ပါဘူး။ ပကာသနမပါဘဲ မိသားစုသဘောမျိုး ပျော်စရာ ရွှင်စရာ၊ အကျိုးအမြတ်မတွက်ဘဲ ဆင်နွှဲကြတဲ့ပွဲတွေပါ။
နောက်ပိုင်းမှာတော့ မဏ္ဍပ်နဲ့ဆောင်ဖို့ လမ်းပိတ်မိန့်ကို မြူနီစီပယ်ဆီ တောင်းခံရ။ မီးရေး ထင်းရေးအတွက် စိုးရိမ်ရတာတွေများလာတော့ ခန်းမတွေမှာ မင်္ဂလာဆောင်ကြတယ်။ မန္တလေး ၂၆ ဘီလမ်း၊ ၈၁လမ်းနဲ့ ၈၂လမ်းကြားမှာ ယူနီဗာဆယ်ကိတ်မုန့်တိုက်ဆိုတာရှိတယ်။ အဲဒီမှာ ခန်းမရော၊ မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိတ်မျိုးစုံရော တစ်နေရာတည်းအဆင်ပြေတာမို့ ယူနီဗာဆယ်မှာပဲ မင်္ဂလာဆောင်ကြတယ်။ ဒါပေမယ့် တီးဝိုင်းလိုမျိုးတော့ ထည့်လို့မရဘူးပေါ့။ တိတ်ရီကော်ဒါကို ဆောင်းဘောက်၊ စပီကာနဲ့ဖွင့်တာမျိုးပေါ့။ နောက်ပိုင်း ဈေးချိုနာရီစင်နားမှာ မြို့တော်ခန်းမ ၂ ဆိုတာ ပေါ်ပေါက်လာတယ်။အဲဒီက ကျယ်ဝန်းပြီး တီးဝိုင်းတွေလည်း ထည့်လို့ရတယ်။ နောက်… မြို့တော်ခန်းမ ၃ ဆိုတာလည်း ရှိလာတယ်။ မြို့တော်ခန်းမ၁ ကတော့ အရင်မြူနီစီပယ်ရုံးကြီးနဲ့တွဲရက်ပေါ့။ နဂိုကတည်းကရှိပြီးသားပေါ့။ ခန်းမ ၁ ကတော့ အရာရှိ အရာခံတွေ ဟိုတယ်ကြီးတွေမှာလည်း ခန်းမတွေပါရှိလာတော့ ကိုယ်နိုင်တဲ့စရိတ်နဲ့ချိန်ပြီး ငှားကြတာပါပဲ။ အခုတော့ မဏ္ဍပ်နဲ့ မင်္ဂလာဆောင်တာမရှိသလောက်ရှားသွားပါပြီ။ မဏ္ဍပ်နဲ့မင်္ဂလာဆောင်တဲ့ ကာလမှာပဲ ညနေပိုင်းဥယျာဉ်နှင့် မင်္ဂလာဆောင်တယ်ဆိုတာလည်း ခေတ်စားပါသေးတယ်။ လမ်းပေါ်မှာ ဆေးရောင်စုံနဲ့ ဝရံတာလေးတွေ၊ ပေါင်းကူးလေးတွေ၊ ပန်းစင်လေးတွေ ချက်ချင်းဆင်၊ ပန်းအိုးတွေချ၊ မီးတွေဆင်ပြီး ဥယျာဉ်လေး ဖန်တီးပြီး စားပွဲကုလားထိုင်ခင်းကာ မင်္ဂလာပွဲဆင်နွှဲကြပါတယ်။ တတ်နိုင်သူတွေက ဥယျာဉ်မှာ မြားနတ်မောင်ရုပ်လုံးလေးတွေ ရေပန်းတွေပါ ထည့်ဆင်ကြပါတယ်။
နောက်ပိုင်း ၁၉၉၀ ဝန်းကျင် မင်္ဂလာဆောင်တွေကတော့ အလုပ်သဘောဆောင်ကြပြီး စီးပွားရေးသဘော ဆောင်လာပြီ။ အပေးအယူသဘော ဆောင်လာပြီ။ တစ်ဖက်နဲ့တစ်ဖက် မကြားစဖူး မင်္ဂလာလက်ဖွဲ့မှာ ကားသော့တွေ အပုံလိုက်၊အဆောက်အဦး ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းတွေ အထပ်လိုက်၊ စိန်တွေ ရတနာတွေမျိုးစုံ ဆိုင်တစ်ဆိုင်စာ စသည်ဖြင့် ရကြ။ အဲလိုရနိုင်တဲ့ အနေအထားမျိုးမှာ ချိန်ကိုက် ခါတော်မီ မင်္ဂလာဆောင်ကြ။ လက်ဖွဲ့တွေကလည်း ထောင်မြင်လို့ ရာစွန့်ကြသူချည်း…။အဲဒီတော့ မင်္ဂလာဆောင်တယ်ဆိုတာ အကျိုးအမြတ် ကိစ္စတွေဖြစ်လာကြပြီ။ ဒါက လူနည်းစုကိစ္စလို့ ဆိုပေမယ့်လည်းနောက်ပိုင်း လူတန်းစား အတော်များများ မှာကိုပဲ မင်္ဂလာဆောင်ကို အကျိုးအမြတ်သဘော စဉ်းစားလာကြတာကတော့အစဉ်အဆက် ကောင်းမွေ ဆက်ခံခဲ့ကြတဲ့ “မင်္ဂလာဆောင်စဉ်လာ” ပွန်းပဲ့ ထိပါးသွားစေခြင်းပါပဲ။
ဆူးငှက်