ထီးချိုင့်နဲ့ ကောလင်းမြို့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

 

နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နဲ့ ကောလင်းခရိုင် ၊ ကောလင်းမြို့တွေပေါ်မှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးချိုင့်မြို့ခံ တယောက်က ” ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်စပြီး ကားလမ်းတွေပိတ်ထားတယ် ၊ နောက်ပြီး မြို့ပေါ်က လူတွေကို ထွက်ပြေးတိမ်းရှောင်ကြဖို့ သတိပေးတာတွေရှိတယ် ၊ ၉ ရက်နေ့ကစပြီး မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တယ် ၊ လေကြောင်းကနေ ပစ်တာနဲ့ ဗုံးကျဲတယ် ၊ရပ်ကွက်ထဲက တည်းခိုးခန်း တခုပျက်စီးသွားတယ် ၊ သိုက်ကျောင်း ( ဘုန်းကြီးကျောင်း) မှာ ဗုံးကျလို့ သံဃာတပါးနဲ့ အရပ်သားသုံးယောက် သေတယ် ၊ မြို့ပေါ်မှာ ပိတ်မိနေတဲ့ လူတချို့တော့ ကျန်နေသေးတယ် ၊ မြို့ပေါ်က နေအိမ်တချို့ မီးရှို့ခံရတယ် ၊ ထီးချိုင့်မြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်း မြတောင် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံ တ​ထောင်နီးပါး ပိတ်မိနေတယ် ၊ မနေ့က တနေ့တည်းမှာ လေယာဥ်နဲ့ ဗုံး ငါးကြိမ်ထက်မနည်း လာကျဲတယ် ၊ ရဲစခန်းနဲ့ တပ်စခန်းအခြေပြုရာကုန်းနားမှာ ပစ်ခတ်နေတယ် ၊ ၁၀ ရက်နေ့ တနေကုန်နဲ့ တညလုံးနီးပါး ပစ်ကြတယ် ၊ မနေ့ နိုင်ဝင်ဘာ ၁၁ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ကြတယ် ၊ မြို့ထဲမှာကျပြီး ပေါက်ကွဲလို့ အိမ်တွေတချို့ပျက်စီးကုန်းတယ် ၊ အိမ်ခြေအရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့ခံ တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာရုံးက ဝန်ထမ်းတွေ စွန့်ခွာ တိမ်းရှောင်နေရတယ် ၊ မြို့ခံ ပြည်သူ တသောင်းကျော်လည်း အခုထိ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေကတော့ ဝန်းသိုဘက်က စစ်တပ်ထဲမှာနေတယ်လို့ ကြားရတယ် ၊ ကျော်ဇေယျ ၊ ပြင်ဦးလွင် ရပ်ကွက်တွေအပါအဝင် မြို့ပေါ်က ရပ်ကွက် ငါးခုလောက်က လူနေအဆောက်အဦတွေ ဗုံးဒဏ်ကြောင့် ပျက်စီးကုန်တယ် ၊ ဒီကနေ့အထိ ကောလင်းမြို့ပေါ်နဲ့ မြို့နားက ရွာတွေမှာ ပစ်နေတုန်းဖြစ်တယ် ၊ ကောလင်းမြို့ပေါ်မှာ ပြေးရင်းလွှားရင်း အသက် ၈ နှစ်ဝန်းကျင်အရွယ် တယောက်နဲ့ အသက် ၁၁ နှစ်အရွယ် ကလေးတယောက် ပေါင်း နှစ်ယောက်ပျောက်နေတယ် ၊ အဲ့ဒီကလေးတွေကို မြို့ခံ ပရဟိတသမားတွေက လိုက်ရှာပေးနေပေမယ့် အခုထိ ရှာမတွေ့ဘူး ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က ကောလင်းမှာ ရဲမေ တယောက်နဲ့ ရဲသုံးယောက် ပျောက်နေတယ် ၊ သေတာလား ရှင်တာလား မသိရသေးဘူး ၊ သေတယ်ဆိုရင်လည်း အလောင်းပြန်မတွေ့သေးဘူးဖြစ်တယ် ၊ နောက်ပြီး ထွေအုပ် ရုံးဝန်ထမ်း ငါးယောက်လည်း ပျောက်နေတယ် ၊ ကောလင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက် ထိခိုက် ကျဆုံးတာတွေရှိတဲ့ အပြင် အရပ်သား ၂၀ ဝန်းကျင်လည်း သေဆုံးတယ် ၊ မြို့မီးပေးရေး လျှပ်စစ်ဓာတ်အားလိုင်းတွေ မနေ့ညကထိ ပျက်နေတယ် ၊ ဖုန်းလိုင်းတွေက ပြောရလိုက် ၊ မရလိုက်ဖြစ်နေတယ် ၊ ခရီးသည်တင် ကားလိုင်းတွေ မထွက်ကြဘူး ၊ လမ်းပန်းဆက်သွယ်ရေးတွေ သွားတာ လာတာ မရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ကောလင်းခရိုင်ထဲက ပင်လည်ဘူးမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

” မနေ့က အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲဘက်က ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမ ၃၇ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းခေါ်သွားတယ် ၊ အဲ့ဒါကြောင့် အင်းတော်မြို့မှာက မြို့ခံတွေနဲ့ ဝန်ထမ်းတွေဟာ မြို့ကိုစွန့်ခွာနေကြတယ် ၊ အင်းတော်မှာ ပစ်တာခတ်တာတော့ မရှိသေးဘူး ” လို့ အင်းတော်မြို့ခံတယောက်က ပြောပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်းက တမူးမြို့နယ် ခါမ်းပါတ်မြို့နယ်ခွဲ ၊ ပန်းသာကျေးရွာ ၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့မြောက်စည်းနယ်မြေရဲစခန်း ၊ သံဖိုပြည်သူ့စစ် စခန်း ၊ အပါအဝင် ကလေးဝမြို့နယ် မဟာမြိုင်တောထဲက ဆင်အိုင်မရွာ ၊ ပင်လည်ဘူးမြို့နယ် ၊ ကောလင်းမြို့နယ် ၊ ထီးချိုင့်မြို့နယ် ၊ ကန့်ဘလူမြို့နယ်တွေဘက်မှာ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW