မာရှယ်လောအောက်က ရှမ်းမြောက် အခြေအနေ

 

နိုဝင်ဘာ-၁၃-၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း၊ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ကွမ်းလုံ၊ ကုန်းကြမ်းနဲ့ လောက်ကိုင် မြို့တွေကတော့ စစ်အုပ်ချုပ်ရေးစနစ် မာရှယ်လော ကျင့်သုံးရမယ့် မြို့စာရင်းမှာ ပါဝင်နေပါတယ်။

အခုလို မာရှယ်လော ထုတ်လိုက်တာကြောင့် သွားလာရ ပိုမိုတင်းကြပ် ခက်ခဲလာမှာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပိုကြပ်တည်း လာမှာ အသွားအလာ လည်း ခက်ခဲ သွားမယ်။ မူဆယ်တော့ စာမထုတ်လည်း အစောပိုင်းတည်းက ပြောနေကြတယ်။ ဆိုင်တွေလည်း အစောကြီး ပိတ်ရတယ်။ တနေ့ကလည်း ရွာက မြို့တက်လာတဲ့ ယောက်ျားလေး ၂ ဖမ်းပြီး စစ်ဆေးခံရတယ်။ ပြန်တော့ လွှတ်ပေးပြီ။” လို့ မူဆယ်ဒေသခံ တယောက်က ပြောပါတယ်။

ပန်ဆိုင်း ဘက်ကလည်း မနေ့ည လက်နက်ကြီး သံတွေကြားရပြီး ၁၀၅ မိုင်ဘက်ကလည်း ခု မနက်ပိုင်း လက်နက်ကြီး ပစ်ခတ်နေသံကြားကြောင်း ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ်ထဲက KIA တပ်မဟာ ၆ တပ်ရင်း ၉ ဘက်လည်း စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ယမန်နေ့ ည ၈ နာရီခန့်က နမ့်ခမ်းမြို့ထဲ လက်နက်ကြီး ကျရောက်တာကြောင့် ကုမ္ပဏီ ခန်းမဆောင် မီးလောင်သွားကြောင်း ဒေသခံ တယောက်က ပြောပါတယ်။

“တရားရုံးရှေ့တည့်တည့်က ခန်းမ။ ကျနော် အလုပ်လုပ်ဖူးတဲ့ ကုမ္ပဏီ ဟုတ်တယ်။ ည ၈ နာရီ ဝန်းကျင်က လောင်တာ။ လေယာဉ်နဲ့တော့ မဟုတ်ဘူး။ လက်နက်ကြီး နဲ့ပစ်တာ။ ဘယ်လိုမျိုး လက်နက်လည်းတော့ မသိဘူး။ မီးလောင်တယ်။ အရင်ရက်ကလည်း နေဝန်းနီ စစ်ရှောင်စခန်းဘက် အဲလိုမျိုး လက်လက်ကြီး ပစ်လို့ နေအိမ် လေးအိမ်လောက် လောင်သွားတယ်။ စစ်ရှောင်အချို့လည်း ရှိနေသေးတယ် ခု။” လို့ သူက ရှင်းပြပါတယ်။

လောက်ကိုင်မှာလည်း နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲ လို့ လောက်ကိုင်ရောက် လူငယ် တယောက်က ပြောပါတယ်။

“ခု လောက်ကိုင် ပြန်ပစ်နေကြပြီ။ မနေ့ည လောက်ကိုင် တမြို့လုံး တော်တော်တိတ်ဆိတ်သွားတယ်။ ကျနော့်အသိပြောတာ ညတုန်းက လောက်ကိုင်ထဲမှာ စစ်ဆေးနေပြီလို့ပြောတယ်။ ကျနော်တို့ဘက်လည်း လာစစ်မှာလို့ ကြားတယ်။ လာတော့ မစစ်သေးဘူး ခုထိ။ မနေ့ည တစ်ညလုံး လက်နက် ပစ်ခတ်သံတော့ မကြားရဘူး။” လို့သူက ရှင်းပြပါတယ်။

ယမနနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ကျင်သီတံတားဘက် TNLA ဘက်က သိမ်လိုက်ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက သတင်း ထုတ်ထားပါတယ်။

“မနေ့ညနေပိုင်း ညနေပိုင်း ကျင်သီ တံတား ခုညနေ ထက်ပိုင်း ကျိုးသွားပြီ။ ခုည သီပေါ လေကြောင်း နဲ့ဆော်နေတာ။ အောက်ကအရင်ပစ်တာ။ ပြီးမှပြန်ပတ် ပြန်ပစ်တာ။ TNLA အဖွဲ့လို့ပြောတာဘဲ ကျင်သီကို သိမ်းတာ။ လေယာဉ်ကိုလည်း သူတို့စပစ်တယ်ပြောတာပဲ။ အမ မြင်တာ အစဆုံး အောက်ကနေပစ်လိုက်တာ လေယာဉ်ကအပေါ်မြှင့် ပြန်ပြေးရတာ။ ပြီးမှပြန်ပတ်ပစ်တာ။ ကိုယ့်ပေါ်ကျလာပြီလားထင်ရတယ်။ လေယာဉ်မထိလို့။ ထိရင် ညက သီပေါ ကုန်လောက်တယ်။” လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ကိုးကန့် သတင်းဌာနကတော့ ကွမ်းလုံမြို့ကို နိုဝင်ဘာ ၁၂ ရကါနေ့ မနက် ၁၀ နာရီကျော်ခန့်က ပြန်လည် သိမ်းပိုက်နိုင်ဖြစ်ကြောင်း၊ သိမ်းခဲ့တဲ့ ကွမ်းလုံဗျူဟာကုန်း၊ ခမရ – ၃၁၂ တပ်စခန်း၊ ကွမ်းလုံရဲစခန်း၊ ကွမ်းလုံးတံတားဟောင်း၊ ကွမ်းလုံတံတားသစ်၊ ဖြိုခဲ့တဲ့ စစ်တပ်စခန်းတွေ၊ သိမ်းဆည်းရရှိခဲ့တဲ့ သံချပ်ကာ၊ ၁၂၂ မမ အတွဲလိုက်ဒုံး၊ ၁၂၂ မမ ဟောင်ဝီဇာအမြောက်၊ EE-9 သံချပ်ကာ၊ MT-LB သံချပ်ကာ၊ BTR-3U သံချပ်ကာ၊ လက်နက်ခဲယမ်းတွေ၊ ယဉ်တွေကို ကိုးကန့် သတင်း ဌာနကနေ ပုံနဲ့ တကွ သတင်းထုတ်ထားပါတယ်။

မိုင်းလား အပါအဝင် ကျာဖျန် ငွေလိမ် ဂိုဏ်းတွေ ရှိတဲ့ နေရာတွေထဲက တရုတ်ဘက်က အလိုရှိတဲ့ ကျာဖျန် ငွေလိမ် ဂိုဏ်းခေါင်းဆောင် တွေကို ဖမ်းဆီးပေးနိုင်တာမျိုးမရှိရင်တော့ တရုတ်အထူးတပ်တွေ ဝင်ရောက်လာမယ်လို့ ကြားရကြောင်း ဝ နယ်စပ်မှာ အလုပ်လုပ်‌နေတဲ့ လူငယ် တယောက်က ပြောပါတယ်။

Phtot: ကိုးကန့်သတင်း/ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW