ပြည်တွင်းရွှေဈေး ကျပ် ၃၆ သိန်းကျော်ထိ ထပ်မံ မြင့်တက်

 

နိုဝင်ဘာ ၁၄ – ၂၀၂၃

SN (VOM)

 

ပြည်တွင်း အခေါက်ရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းကစလို့ ကျပ် ၃၆ သိန်းကျော်ကို ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

 

အခုလို ပြည်တွင်း‌ရွှေဈေး ထပ်မံ မြင့်တက်လာခြင်းဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်မှုရှိနေပြီး တိုက်ပွဲတွေကြောင့် ကုန်စည် စီးဆင်းမှု ရပ်တန့်နေပြီး ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ရွှေဈေးပါ လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီနေ့ ဒေါ်လာဈေးတွေလည်း တက်သွားတယ်။ ၃၃၀၀ ကနေ ၃၄၀၀ လောက်အထိ ဖြစ်သွားတယ်။ ဒေါ်လာဈေးတက်တော့ ရွှေဈေးလည်း လိုက်တက်သွားတယ်ပေါ့။ တိုက်ပွဲတွေနဲ့လည်း ဆက်စပ်မှုရှိမယ်။ အဲ့ဒါကြောင့်လည်း ဒေါ်လာဈေးတွေ တက်တာပေါ့။ အဲ့ဒီ့ကနေမှ ဆင့်ကဲ ဆင့်ကဲနဲ့ ရွှေဈေးတွေပါ လိုက်တက်ကုန်တာ။ ရွှေဈေးကွက် ရှေ့အလားအလာကတော့ မတည်မငြိမ် ဖြစ်နေတာပေါ့။ ဒီလိုမျိုး မတည်မငြိမ် ဖြစ်နေရင်တော့ ရွှေဈေးကတော့ သိပ်မကျလောက်ဘူးလို့ ထင်တာပဲ။ အခြေအနေတွေကတော့ ခန့်မှန်းရ အရမ်းခက်တဲ့ အနေအထားပေါ့” လို့ ရွှေလုပ်ငန်းရှင်တ ယောက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့လတွေက ကျပ် ၃၃-၃၄ သိန်းကျော်ဝန်းကျင်မှာ အချိန်ကြာကြာ ရှိနေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်ကာ ၃၅ သိန်းကျော်ကို မြင့်တက် ရောက်ရှိခဲ့ပြီးနောက် ၁၃ ရက်အကြာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်ကို ထပ်မံ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စင်္ကာပူဘဏ်က မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မှု၊ နှစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားမှု၊ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးကစားမှုတွေကြောင့် ပြည်တွင်းရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တကျပ်သားကို ‌ကျပ် သိန်း ၄၀ နီးပါး၊ အမေရိကန်တဒေါ်လာကို ကျပ် ၄၀၀၀ နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW