မြန်မာ – အိန္ဒိယ နယ်စပ်က တိုက်ပွဲတွေကြောင့် ရိခေါဒါရ်မြို့နယ်က ဒေသခံ ၅၀၀၀ ကျော် နဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်

 

နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃

SP (VOM)

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ကို ချင်းပြည်နယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မနေ့ နိုဝင်ဘာ မနက် ၃ နာရီဝန်းကျင်က စတင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတွေကြောင့် မနေ့က နေ့ပိုင်းနဲ့ ညပိုင်းတွေမှာ ရိခေါဒါရ်မြို့ထဲက ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို တိုက်ပွဲရှောင်ခိုလှုံဖို့ ဝင်ရောက်သွားတယ်လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိဿဟာယ အဖွဲ့ဆီက သိရပါတယ်။

” အရေအတွက်က လူဦးရေ ငါးထောင်အထက်မှာ ရှိမယ် ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အများစု ပါဝင်တာကို တွေ့ရတယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် အိန္ဒိယ နယ်စပ်မှာ ဒေသခံ အရပ်သား ငါးဦးအထက်သေဆုံးပြီး ဆယ်ယောက်အထက်မှာ ဒဏ်ရာရထားတယ် ၊ ရွာတွေမှာ ဆက်နေလို့ မရတော့တာကြောင့် အခုလို မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံရတာလို့ ခိုလှုံလာသူတွေက ပြောပါတယ် ၊ အဲ့ဒီ အပြင် မနေ့က ညအချိန်မှာ မြန်မာနိုင်ငံဘက်က ရိဒ်ခေါဒါရ် လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဆယ် နီးပါးလောက်ဟာ သူတို့ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မီဇိုရမ်ပြည်နယ် ၊ ဇိုခေါ်ထာရ်ရွာဘက်ကို ဝင်ရောက်လာတာကြောင့် အာသန်ရိုင်ဖယ်တပ်နဲ့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က သွားရောက် ဖြေရှင်းနေတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ချင်းပြည်နယ် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးတာကြောင့် သီးခြားအတည်ပြုချက်မရသေးပါဘူး ။

ဒါ့အပြင် မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းမြို့ခံ နယ်စပ်ကုန်သည် စီးပွားရေး လုပ်ငန်ရှင် တယောက်က ” ရိဒ်ခေါ်ဒါရ် နယ်စပ်ဂိတ်တွေကို ချင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်နေတယ် ၊ မနေ့ မနက်ကစပြီး မနေ့ညအထိ တိုက်နေတုန်းပဲဖြစ်တယ် ၊ စစ်တပ်ဘက်က မနေ့က လေယာဥ်နဲ့ ဗုံးတွေလာချတယ် ၊ နောက်ပြီး ရဟတ်ယာဥ်တွေနဲ့ပါ လာပစ်တယ် ၊ အပျက်စီးတွေများပြီး ဒေသခံတွေ မနေရဲတာကြောင့် မီဇိုရမ်ဘက် ထွက်ပြေးလာကြတယ် ၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်က ပိတ်ထားတာကြာပြီ ၊ တရားမဝင် လမ်းကြောင်းတွေကနေ အရေးပေါ် တိုက်ပွဲရှောင်တွေ ခိုလှုံ ဝင်ရောက်လာတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ရဲ ၊ မီးသတ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဒေသခံ ပြည်သူ ၂ သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မနေ့ညက မီဇိုရမ်ပြည်နယ်တွေ ဝင်ရောက်လာတဲ့ မြန်မာ တိုက်ပွဲရှောင်တွေ မြင်တွေ့ရပုံ ၊ (ဒေသခံ တဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW