ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်

 

နိုဝင်ဘာ ၁၅ – ၂၀၂၃

SN (VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက် လည်ပတ်နေသူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်လို့ သံတွဲခရိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြို့နယ်တွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ပြည်နယ် နစက က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်လိုက်တဲ့အတွက် ငပလီကမ်းခြေမှာ အပန်းဖြေလာရောက်နေတဲ့ ခရီးသွားဧည့်သည်တွေ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ခရီးသွားတွေထဲကမှာ ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကိုတော့ ဟိုတယ်/ခရီး (သံတွဲ) က ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အရေအတွက် စိစစ်ပြီး ပြန်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“စိစစ်မယ်ဆိုတာက ဒီဟိုတယ်မှာ ရန်ကုန်ပြန်မယ့်ခရီးသည် ဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်ကားနဲ့ဆိုတာမျိုးကို ပြောတာပါ။ ဒီကားနံပါတ်နဲ့ မိသားစုဝင် ဘယ်နှစ်ယောက်ပြန်မယ်ဆိုတာမျိုး၊ စာရင်းလေး အတိအကျကောက်တာပါ။ ကျန်တာတော့မဟုတ်ပါဘူး။ အကန့်အသတ်နဲ့ ပြန်ရမှာတော့ မဟုတ်ဘူး။ ပိတ်မိနေတဲ့ ဧည့်သည်တွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေအပြင် လေယာဉ်နဲ့ ပြန်ချင်တဲ့သူတွေလည်း ပြန်လို့ရပါတယ်။ Express နဲ့ လာတဲ့သူတွေအတွက်လည်း တာဝန်ရှိသူတွေအနေနဲ့ တခုခု စီစဉ်ပေးမယ်ထင်ပါတယ်။ အခုက ပြန်တဲ့သူတွေကလည်း ပြန်ကုန်ကြပြီ၊ လာတဲ့လူတွေကလည်းလာနဲ့ မနေ့ကတောင် လေယာဉ်နဲ့ အယောက် ၁၀၀ လောက် ထပ်ရောက်လာသေးတယ်။ ဆိုတော့ ဒီမှာ ဧည့်သည်က ပျမ်းမျှ ၃၀၀ ဝန်းကျင်လောက်ပဲရှိပါတယ်။ လူဦးရေ ခုနစ်ထောင်လောက် ပိတ်မိနေတာကတော့ မဟုတ်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ။ မပိတ်ခင် တရက်အလိုကလည်း ၂၀၀ ကျော်လောက် ပြန်သွားတာ။ အဲ့ဒါက tour အဖွဲ့တွေရယ်၊ staff party လာလုပ်တဲ့ အဖွဲ့တွေရယ်ပေါ့။ သူတို့‌တွေကလည်းပြန်ပြီ‌ဆိုတော့ အဲ့လောက် ကြီးကြီးမားမားရယ်လို့ မရှိတော့ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီကနေ့ ပြန်ခွင့်ရမယ့် ဧည့်သည်တွေအနေနဲ့ သံတွဲ-ဂွ-ငသိုင်းချောင်းလမ်းကနေ ပြန်ရမှာဖြစ်ပြီး လက်ရှိမှာ ဂွမြို့နယ်အတွင်း ပိတ်မိနေတဲ့သူတွေကတော့ ပြန်နေကြပြီဖြစ်ကာ ငပလီကဧည့်သည်တွေကတော့ ထွက်ခွာခွင့်အတွက် ခွင့်ပြုချက်ရရှိနိုင်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပိတ်မိနေသူတွေထဲမှာ ပြည်တွင်းခရီးသွား အများဆုံးပါဝင်ပြီး ထိုင်း၊ ဥရောပနိုင်ငံတွေက နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဒေသအာဏာပိုင်တွေက ဒီနေ့ စိစစ်ပြီးတော့ ပေးဖွင့်‌ပေးမယ်ဆိုတဲ့အတွက် ဝမ်းသာပါတယ်။ တိုက်ပွဲတွေကလည်း ဘယ်နေ့ပြီးမယ် မသေချာဘူးလေ။ လာတုန်းကတော့ လာခဲ့ပြီးပြီ။ ၁၁ ရက်နေ့က ဒီကိုရောက်တယ်။ ၁၃ ရက်နေ့ ပြန်ဖို့ လုပ်ထားတာ။ လမ်းတွေပိတ်လိုက်တော့ ဒီမှာပဲ သောင်တင်နေတာပေါ့။ ပါလာတဲ့ ပိုက်ဆံတွေကလည်း နည်းနေပြီ။ လေယာဉ်နဲ့ ပြန်ဖို့အတွက်ကလည်း အဆင်မပြေဘူး။ သူများတွေကတော့ ပါလာတဲ့ ကားတွေထားခဲ့ပြီး လေယာဉ်နဲ့ ပြန်သွားကြတယ်။ ကိုယ်တွေကတော့ ကုန်းလမ်းကပဲ ပြန်ရမှာပေါ့။ အဲ့တော့ ဒီကိုလာမယ့်သူတွေရော၊ တခြား နေရာတွေကို ခရီးသွားဖို့ စီစဉ်နေတဲ့သူတွေကိုရော ပြောချင်တာက ဒီအချိန်မှာ မသွားကြ၊ မလာကြပါနဲ့ဦးလို့။ လမ်းမှာ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကြိုတွက်ထားလို့ မရဘူးလေ။ ကိုယ်တွေကတော့ ခံလိုက်ရပြီ။ စိတ်တွေလည်း ညစ်၊ တခုခုဖြစ်မှာလည်း စိုးရိမ်ပေါ့။ တော်တော်တော့ မှတ်သွားပါပြီ” လို့ ငပလီကမ်းခြေမှာရောက်နေတဲ့ ဧည့်သည်တယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၃ ရက်နေ့၊ မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ အဓိက ကုန်းလမ်းကြောင်းသုံးခုစလုံးကို နစက က အဲ့ဒီ့နေ့ မနက်ပိုင်းကစပြီး ပိတ်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို ပြည်မကနေ ဝင်ရောက်မယ်ဆိုရင် ဧရာဝတီတိုင်းဘက်က ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ ပဲခူးတိုင်းဘက်က ဆက်သွယ်ထားတဲ့ ပြည်-တောင်ကုတ်လမ်းနဲ့ မကွေးတိုင်းဘက်က ဆက်သွယ်ထားတဲ့ မင်းဘူး-အမ်း လမ်းမသုံးခု ရှိတာဖြစ်ပြီး အဲ့ဒီ့လမ်းပိုင်း သုံးခုစလုံးကို နစက က နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းကတည်းက ကြိုတင်ကြေညာတာမရှိဘဲ ရုတ်တရက်ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေလမ်းကြောင်းခရီးစဉ်တွေကိုလည်း ရပ်နားထားဖို့ နစက က အကြောင်းကြားလာတာကြောင့် စစ်တွေ – ပေါက်တော – မင်းပြား၊ စစ်တွေ – မြောက်ဦး၊ စစ်တွေ – ရသေ့တောင် – ဘူးသီးတောင်- မောင်တောနဲ့ ရခိုင်ပြည်တောင်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို အဲ့ဒီ့ နိုဝင်ဘာ ၁၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ ဖျက်သိမ်းလိုက်ရကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်လိုင်း ကြေညာထားပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW