ထီးချိုင့်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ နီးပါး သေဆုံး

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ ဒီကနေ့ထိ ခြောက်ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀ နီးပါးသေဆုံးသွားပြီလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့ နိုဝင်ဘာ ၁၄ ရက် ၊ တရက်တည်းမှာ အလယ်တောရွာနဲ့ အင်းတိန်ရွာ ၊ ပိန္နဲရွာ (ရေဝ) ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ ၁၁ ယောက် သေတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သခွတ်ချောင်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ပေါက်ကွဲလို့ တိုက်ပွဲရှောင် ကလေးတယောက်နဲ့ အမျိုးသမီး တယောက် ထိမှန် သေတယ် ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ကိုးတဲရွာဘက်မှာ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးတယောက် သေတယ် ၊ ဒါ့အပြင် ထီးချိုင့်မြို့ပေါ်မှာလည်း သေဆုံးတာတွေရှိတယ် ၊ အလောင်းပြန်ရလိုက်တဲ့ သူတွေရော ၊ အလောင်းပြန်မရသေးတဲ့ လူတွေနဲ့ပါဆိုရင် သေဆုံးသူ ၃၀ နီးပါးရှိတယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
ကောလင်း၊ ကသာ ၊ ထီးချိုင့် ပင်လည်ဘူးစတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ပြီး ပြေးနေကြရပါတယ်။ မပြေးမဖြစ်တဲံ အခြေအနေကို ဆရာတော်တပါး မိန့်တာက
“ တိုက်ပွဲလို့ အသံကြားရင် ဘုန်းကြီးရောလူရော ပြေးသာပြေး ၊ သေရင် သရဏဂုံတင်ဖို့တောင်မလွယ်ဘူးရယ် တဖက်က လက်လုပ်လက်နက်နဲ့ ပစ်တော့ ကျချင်ရာကျတယ် တဖက်က ပစ်ခံသံကြားရင် အသံလာရာရမ်းပစ်တော့ မနေရဲတော့ဘူးကျောင်းကိုစွန့်ထားခဲ့ရပြီ”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က ကောလင်းခရိုင်မြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီ သတိပေးချက်တွေထဲမှာ ထီးချိုင့်မြို့ပေါ်က ဒေသခံတွေနဲ့ အနီးနားက ရွာကလူတွေ သုံးရက်အတွင်း တိုက်ပွဲရှောင် နေထိုင်ကြဖို့နဲ့ အင်းတော် ထီးချိုင့် လမ်းပိုင်းကို ယာဥ်အသွားအလာတွေ မပြုလုပ်ကြဖို့ ဖော်ပြထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW