ဖလမ်းမြို့နယ် သီးဘွာလ် ရှေ့တန်း ကင်းစခန်း တိုက်ခိုက်ခံရ ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

 

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃

SP ( VOM)

ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို မနေ့ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီက စတင်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာ ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့ည ၁၁ နာရီ ဝန်းကျင်လောက်က စတင် တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ မနက် ၅ နာရီအထိ တိုက်နေတာ ဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်တာ မရှိသေးဘူး ၊ အရပ်သတင်းကြားရတာကတော့ သီးဘွာလ် စခန်းက နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စခန်းကိုစွန့်ခွာသွားတယ် ၊ အဲ့ဒီ အချိန်မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ခဲယမ်းလက်နက်တွေ ဝင်ရောက်သိမ်းဆည်းပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ် ” လို့ သီးဘွာလ် ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ခံ တယောက်က ” ဒီရက်ပိုင်းအတွင်း ဖလမ်းခရိုင်ထဲက မြို့နယ်တချို့က ရှေ့တန်း ကင်းစခန်းတွေ တိုက်ခိုက်ခံရတယ် ၊ ၁၃ ရက်နေ့ကလည်း ရိဒ်ခေါဒါရ် က စခန်း နှစ်ခု တိုက်ခိုက်ခံရတယ် ၊ ဒီမနက်လည်း သီးဘွာလ်က ရှေ့တန်း ကင်းစခန်း တိုက်ခိုက်ခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် သီးဘွာလ်ဒေသခံတွေက မနေ့ညကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်ရာဝန်းကျင်လောက် ရှိနိုင်မယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေး အဖွဲ့ဆီကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မနက်ပိုင်းက ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ကို ချင်းပြည်နယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ စခန်းစွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ခိုလှုံခဲ့ပြီးနောက် မနေ့ မနက်ပိုင်းက အဲ့ဒီ တပ်ဖွဲ့ဝင်တွေကို အိန္ဒိယ ဗဟို အစိုးရအဖွဲ့က ရဟတ်ယာဥ်နဲ့ ပြန်လည် ပို့ဆောင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး ( တိုက်ခိုက်ခံရတဲ့ သီးဘွာလ် ရှေ့တန်းကင်းစခန်း ပုံ)

 

Related posts

Leave a Comment

VOM News

FREE
VIEW