ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ ခုနှစ်ယောက်သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

 

နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃

SP ( VOM)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ဆင်ကြီးပြင်ရွာမှာ မနေ့ နိုဝင်ဘာ ၁၄ ရက်က ရွာထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံး ၊ ဒဏ်ရာရတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ဆင်ကြီးပြင်ရွာမှာ လက်နက်ကြီး ရှစ်လုံး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ကိုဆွေယောတ်ဟူဆာ ၂၀ နှစ် ၊ ကိုမာမောက်အာလောမ် ၂၅ နှစ် နဲ့ ဒေါ်ဆော်မူဒါ ၅၅ နှစ် တို့ သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေး လေးယောက်အပါအဝင် ရှစ်ယောက်ကျော် လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရတယ် ၊ နောက်ပြီး လူနေအိမ် နှစ်လုံးလည်း မီးလောင်သွားတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကားသမား နှစ်ဦးသေဆုံးပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့က မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီး ညောင်ပင်ချိုင့်ကွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဦးကျော်သိန်းဖြူ ၅၄ နှစ် ဆိုသူ ပြင်းထန် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ သုံးရက်ရှိပြီ ၊ အဲ့ဒီ သုံးရက်အတွင်း အပြန်အလှန် လက်နက်ကြီးတွေ ၊ ဒရုန်းတွေပစ်ကြတယ် ၊ အဲ့ဒါကြောင့် အရပ်သား တချို့ ထိမှန်သေဆုံးတာတွေရှိတယ် ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က တနေ့တည်းမှာပဲ နေရာသုံးခုထက်မနည်း လက်ကြီးကျရောက် ထိမှန်တာတွေရှိတယ် ၊ မောင်တောမြို့နယ်၊ သင်္ဘောလှရွာ ၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိမှန်လို့ ဒေါ်မသန်းကျော့ ၆၃ နှစ် ၊ ဦးအောင်ကျော်စိုး ၇၂ နှစ် ဆိုသူ နှစ်ယောက်လည်း သေဆုံးတယ် ၊ ဒီရက်ပိုင်း လက်နက်ကြီးစ ထိမှန်သေဆုံးတာ ရခိုင်ပြည်နယ်ထဲမှာ ခုနှစ်ဦးထက်မနည်း ရှိနေပြီး ၁၅ ယောက်ကျော် ဒဏ်ရာရထားတယ် ” လို့ မောင်းတောဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းက နေရာ အတော်များများမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စပါးခင်းတွေ ရိတ်သိမ်းခြင်း မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW