ပုလဲမြို့ပေါ်က ထွေ / အုပ်ရုံးနဲ့ မြို့မရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်

 

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့ ၊ မြို့လယ်ပိုင်မှာရှိတဲ့ မြို့နယ် ထွေ / အုပ်ရုံးနဲ့ မြို့မရဲစခန်းကို မနေ့ နိုဝင်ဘာ ၁၅ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လာရောက်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့ခံတွေဆီက သိရပါတယ်။

” ထွေ / အုပ်ရုံးက မြို့ရဲ့ အလယ်ပိုင်းမှာ ရှိတယ် ၊ မြို့မရဲစခန်းက မြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတယ် ၊ အဲ့ဒီ နှစ်နေရာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တပြိုင်တည်း လာရောက်တိုက်ခိုက်တာဖြစ်တယ် ၊ နှစ်ဘက် အပြန်အလှန်ပစ်ကြတာမို့ ထိခိုက် သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့ အတိအကျ မသိရသေးဘူး ၊ နောက်ပြီး တိုက်ပွဲဖြစ်နေချိန် တိုက်လေယာဥ်တော့ ပုလဲမြို့ပေါ်ကို လာတယ် ၊ ဒါပေမယ့် ပစ်ခတ်သွားတာ မရှိဘူး ” လို့ ပုလဲမြို့ခံတယောက်က ပြောပါတယ်။

ပုလဲမြို့ပေါ် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက မြိုင်မြို့နယ် ၊ ပုလဲမြို့နယ် နဲ့ ယင်းမာပင်ခရိုင်မှာ ရှိတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက စုပေါင်းတိုက်ခိုက်တာဖြစ်ပြီး ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် နစကဘက်က လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက် ထိခိုက်သေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် ပုလဲမြို့မှာ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး ။

ပုလဲမြို့နယ်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ထိစပ်တဲ့ နေရာဖြစ်ပြီး မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အကြားမှာ တည်ရှိတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိပြီး ၊ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကစလို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ တမူးခရိုင် ၊ ခါမ်းပါတ်မြို့နယ်ခွဲ၊ ကလေးမြို့နယ် ၊ ကောလင်းခရိုင်မြို့ ၊ ပင်လည်ဘူးမြို့ ၊ ထီးချိုင့်မြို့ နဲ့ ဗန်းမောက် စတဲ့ မြို့နယ်တွေမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW