အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပ၊ မြန်မာ့အရေး အာဆီယံနိုင်ငံတွေ ကူညီကြဖို့ တိုက်တွန်း

 

ဂျကာတာ၊ နိုဝင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

အာဆီယံကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို ဒီနေ့နိုဝင်ဘာ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ပြုလုပ်ခဲ့ပြီး ဒီအစည်းအဝေးမှာတော့ မြန်မာ့အရေးအပြင် အစ္စရေးနဲ့ ဟားမတ်စ် ဂါဇာမှာဖြစ်ပွဲနေတဲ့ စစ်ပွဲတွေက အစည်းအဝေးကို လွှမ်းမိုးခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားက လက်ရှိမှာတာဝန်ယူထားပြီး အစည်းအဝေးမှာ ဂါဇာအရေးနဲ့ မြန်မာ့အရေးတို့ကို အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဟိုဆူဘီယန်တိုက အလေးပေး ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေကလည်း အစည်းအဝေးမှာ လွှမ်းမိုးခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုကာ မြန်မာ့ဘက်က ကာကွယ်ရေးဝန်ကြီးကတော့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြိုင်ဘက်အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်ရေးတို့ပါဝင်ပြီး ဒီအစီအစဉ်ကို အပြည့်အ၀ အကောင်အထည်ဖော်ရေးအတွက် အာဆီယံနိုင်ငံတွေအနေနဲ့ ပံ့ပိုးကူညီကြဖို့လိုအပ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက အစည်းအဝေးမှာ တိုက်တွန်းထားပါတယ်။

ဂါဇာအရေးမှာ အစ္စရေးအနေနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့်လုပ်ဆောင်ရမယ်လို့ သူကပြောဆိုခဲ့ပါတယ်။

Ref:NHK

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW