” နှမ်းနဲ့ မတ်ပဲ စျေးပြန်တက်လာပေမယ့် ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီ ၊ မြေပဲ ၊ကုလားပဲ စျေးကွက် ထပ်မံ ကျဆင်း ”
ရန်ကုန်၊ နိုဝင်ဘာ ၁၈ – ၂၀၂၃
GG(VOM)
ခုတပတ် ပဲမျိုးစုံစျေးကွက်မှာ အရင်တပတ်က စျေးကျခဲ့ တဲ့ နှမ်းနဲ့ မတ်ပဲက စျေးပြန်လာပေမယ့် ပဲစဥ်းငုံနီ၊ ပဲတီစိမ်း၊ကုလားပဲ၊မြေပဲ စျေးထပ်ကျသွားတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။
နှမ်း
ခုတပတ်မှာတော့ နှမ်းမျိုးစုံစျေးကွက် ပြန်တက်လာ ပါတယ်။
စျေးကွက်ကိုမိုးနှမ်းအသစ်တွေ စတင်ဝင်ရောက်နေပြီး မိုးနှမ်းတွေက အက်ဆစ်အောင်တာကြောင့် တရုတ် ဝယ်လက်တွေက ကြိုတင်ဝယ်ယူသိုလှောင်မှုရှိနေလို့ နှမ်းစျေးပြန်တက်လာတာဖြစ်ပါတယ်။
ခုတပတ် မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၅၀၀၀၀ ကျပ်သာရှိလို့ အရင်တပတ်ကထက် ၁၀၀၀၀ ကျပ်ပြန်တက်လာပြီး နှမ်းဖြူ ဂျပန်ကလည်း ၃၆၅၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ် ပြန်တက်လာပါတယ်။
နှမ်းနက် စမုံကတော့ ၄၅ ပိဿာကို ၃၅၅၀၀၀ ကျပ်စျေးရှိလို့ ၁၇၀၀၀ ကျပ် အရင်လကထက် ပြန်တက်လာပါတယ်။
ပြည်ပက နှမ်းကိုဝယ်ယူတဲ့အခါမှာ အက်ဆစ်အောင်တဲ့နှမ်းကိုသာ အဓိကဝယ်ယူလေ့ရှိတယ်လို့သိရပါတယ်။
မတ်ပဲ
မတ်ပဲကလည်း ခုတပတ်မှာ စျေးတန်းအနည်းငယ် ပြန်တက် လာတာတွေ့ရ ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တတန်ကို ၂၉၀၀၀၀၀ သိန်း စျေးရှိပြ အရင်ပတ်နဲ့ယှဥ်ရင် တတန်ကို ၆၀၀၀ ကျပ်သာ ပြန်တက်လာတာဖြစ် ပါ တယ်။
မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၂၇၈၀၀၀ ကျပ် စျေးရှိပြီး ၁၀၀၀ ကျပ်ပြန် တက် လာပါတယ်။
နယ်တွေမှာတော့ စျေးတန်းက အတက်မရှိဘဲ အရင်တပတ်ကစျေးတန်းဖြစ်တဲ့ ပိဿာ ၂၀ ကို ၉၂၅၀၀ ကျပ်မှာပဲ ရှိနေ ပါတယ်။
မတ်ပဲကအိန္ဒိယ ဘက်ကဝယ်လိုအားပေါ်မူတည်ပြီး စျေးက အတက်အကျရှိတာကြောင့် ဝယ်လိုအားနည်းရင် စျေးတန်းနည်းနည်းထပ်ကျနိုင်ပေမယ့် ပြည်တွင်း မှာက ပဲလက်ကျန်မရှိတဲ့အတွက် အများကြီး ကျဆင်းနိုင်ချေမရှိဘူးလို့ လို့ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။
ကုလားပဲ
ခုတပတ်မှာလည်း ကုလားပဲက ရန်ကုန်စျေးကွက်နဲ့ မန္တလေးစျေးကွက်မှာပါ စျေးထပ်ကျ လာတာတွေ့ရပါတယ်။
ခုတပတ်ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၄၁၅ မှ ၄၅၀၀ ကျပ်စျေးပြီး အရင်တပတ်ကထက် ၈၅ ကျပ် ထပ်ကျသွားသလို ကုလားပဲဖြူလုံးကြီးက ၄၅၈၀ မှ ၄၆၇၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထပ် ၈၅ ကျပ်လောက်ထပ်ကျသွားပါတယ်။ကုလားပဲခြမ်းကလည်း ၅၇၀၀ မှ ၆၀၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ၁၀၀ ကျပ် ထပ်ကျသွားပါတယ်။
မန္တလေးဈေးကွက်မှာ ကုလားပဲ(V2)က ၂၆၅၀၀၀ ကျပ်စျေးရှိပြီး ၃၀၀၀ ကျပ်စျေးကျကာ ကုလားပဲ V7 ကလည်း ၂၇၄၀၀၀ ကျပ်ရှိလို့ ၁၀၀၀ ကျပ်ပြန်ကျသွားပါတယ်။ ကုလားပဲ ၉၂၉ ကလည်း ၂၅၀၀၀၀ ကျပ်စျေးရှိပြီး ၅၀၀၀ ကျပ်စျေးထပ်ကျသွားပါတယ်။
ကုလားပဲလုံးကို စက်ပိုင် ပဲခွဲစက်တွေနဲ့ ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုး အဖြစ်ဝယ်ယူသူတွေရှိလို့ စျေး တန်းပြန်တက်လာရာကနေ လတ်တလောမှာ အဝယ်အေးသွားတာကြောင့် စျေးပြန်ကျသွားတာဖြစ် တယ် လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။
ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိက ဖြစ်လို့ ပြည်တွင်း ဝယ်လိုအားအနည်းအများပေါ်လိုက်ပြီး စျေးကအတက်အကျရှိနေတာဖြစ်ပါတယ်။
မြေပဲ
မြေပဲကတော့ ခုတပတ်မှာလည်း ဆီကြိတ်တဲ့ ဆီဆံရော ပြည်ပတင်ပို့မှုအဓိကအားထားရတဲ့ မြေပဲလုံးဆံနီနဲ့ လုံးဆံဖြူလည်း စျေးတွေထပ်ကျလာတာတွေ့ရပါတယ်။ မြေပဲက စျေးကျနေတဲ့အပြင် အရောင်းအဝယ်အေးနေတယ်လို့သိရပါတယ်။
အဓိကကတော့ စျေးကွက်ထဲကို ပဲအသစ်တွေဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်ကိုလည်း တင်ပို့မှုမရှိတာကြောင့် စျေးတန်းက ထပ်ကျနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိစျေးကွက်မှာ မြေပဲလုံးဆံနီ နဲ့ လုံးဆံဖြူက တစ်ပိဿာကို အမြင့်ဆုံး ၅၆၀၀ အထိသာစျေးရှိနေလို့ အရင်တပတ်ကထက် ၁၀၀၀ ကျပ်ကျသွားသလို ဆီဆံကလည်း ၅၅၀၀ ကျပ်ရှိရာကနေ ၅၂၀၀ ကျပ်ကို စျေးထပ်ကျသွားပါတယ်။
ပဲစဥျးငုံနီ
ပဲစဥ်းငုံနီကတော့ ခုတပတ်မှာလည်း စျေးတန်းက ထပ်ပြီးပြုတ်ကျလာပါတယ်။
ပဲစဥ်းငုံနီအသစ်တွေ ခုလကုန်လောက်မှာ စျေးကွက်ထဲဝင်ရောက်နိုင်ဖွယ်ရှိတာကတကြောင်း၊ အိန္ဒိယဘက်ကဝယ်လိုအားနည်းသွားတာကြောင့် အရောင်းအဝယ်အေးပြီးစျေးတန်က ထပ်ကျလာ တာဖြစ်တယ်လို့သိရပါတယ်။
ခုတပတ်ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၂၅၀၀၀၀ အထိ စျေးထပ်ကျလာပါတယ်။အရင်တပတ်နဲ့ယှဥ်ရင် ၆၅၀၀၀၀ ကျသွားတာဖြစ်ပါတယ်။
မန္တလေးစျေးကွက်မှာတော့ အရင်တပတ်က ပဲစဥ်းငုံနီ ပိဿာ ၆၀ တစ်အိတ်ကို ၃၂၀၀၀၀ ကျပ်ထိ စျေးဖွင့်ခဲ့ပြီး ခုတပတ်မှာတော့ စျေးတန်းဖွင့်ထားခြင်းမရှိပါဘူး။
ပဲစဥ်းငုံနီက အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ပါတယ် ။
ပဲတီစိမ်း
ခုတပတ်မှာ ပဲတီစိမ်းက ရန်ကုန်ဈေးကွက်မှာစျေးကျသွားပြီး မန္တလေးစျေးကွက်မှာတော့ အရင်တပတ် အကျစျေးတန်းမှာပဲ ငြိမ်နေပါတယ်။ပဲတီစိမ်းကို တရုတ်ဘက် တင်ပို့နိုင်ခြင်းမရှိတာကြောင့် စျေးတန်းက ကျလာတာဖြစ် တယ် လို့သိရပါတယ်။
ရန်ကုန်စျေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၄၆၅ ကျပ် ရှိပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း ၃၃၆၅ ကျပ် နဲ့ ပဲတီစိမ်း(ဝါးခယ်မ)ကလည်း တစ်ပိဿာကို ၂၇၅၀ မှ ၃၂၃၅ ကျပ်စျေးရှိပြီး အားလုံးက အရင်တပတ်ကထက် ၆၅ ထပ်ကျသွားတာတွေ့ရပါတယ်။
မန္တလေးဈေးကွက်မှာတော့ အရင်တပတ်ကအတိုင်း ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၆၀၀၀၀ ကျပ်စျေးရှိပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ စျေးကွက်အခြေအနေ ကတော့ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ စျေးနူန်းတွေနဲ့စျေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။