ကလေးမြို့ လေဆိပ် ပေါက်ကွဲမှုဖြစ်လို့ လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထား

 

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ကလေး လေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထားတယ်လို့ လေယာဥ်လက်မှတ် အေဂျင်စီတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၁၀ / ၄၅ လောက်ကဖြစ်တာပါ ၊ လေယာဥ်ပြေးလမ်းထိပ်နေရာကို ဒရုန်းဗုံးကျပြီး ပေါက်ကွဲတယ် ၊ ပျက်စီးထိခိုက်မှုကတော့ လမ်းအစွန်နေရာမှာ ခြောက်လက်မ ပတ်လည်လောက် ပျက်စီးသွားတယ် ၊ မန္တလေး လေဆိပ်ကနေ ကလေးလေဆိပ်ကိုဆင်းမယ့် လေယာဥ်ဟာ မုံရွာ လေဆိပ်ကနေ မန္တလေးကို လှည့်ပြန်သွားတယ် ၊ ကလေးမြို့မှာ မဆင်းတော့ဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ် အေဂျင်စီ တယောက်က ” ကလေးမြို့ လေကြောင်းလိုင်း ပိတ်တယ်လို့တော့ မပြောဘူး ၊ လတ်တလော တရက် ၊ နှစ်ရက်လောက်တော့ လေယာဥ် ကန်ဆယ် ဖြစ်မယ်လို့တော့ လေကြောင်းလိုင်းက ပြောတယ် ၊ လေယာဥ် ပိတ်မယ် ၊ မပိတ်ဘူးဆိုတာ သေချာပေါက် မပြောသေးဘူး ” လို့ ပြောပါတယ်။

ဒီကနေ့ လေယာဥ်ပတ်နဲ့ ကလေးမြို့ကနေ မန္တလေးကို လိုက်ပါမယ့် ကလေးမြို့ခံ ခရီးသည် တယောက်က ” ဒီနေ့ လေယာဥ်ပတ်နဲ့ လိုက်မယ် ၊ လုံခြုံရေးအရ ခရီးစဥ်ပျက်သွားတယ် ၊ ဝယ်ထားပြီးသား လက်မှတ်နဲ့ ပတ်သက်လို့ ငွေပြန်အမ်းပေးတာမျိုး အခုချိန်ထိတော့ မရှိသေးဘူး ၊ ဝယ်ထားပြီး လက်မှတ်တွေကို ပြန်ပြေးဆွဲပေးရက်ကြရင် ပြန်အသုံးပြုဖို့ စီစဥ်ပေးမယ် ” လို့ ပြောပါတယ်။

ကလေးဆိပ်မှာ ဒီကနေ့ပေါက်ကွဲမှုဖြစ်လို့ လေယာဥ်ခရီးစဥ်တွေ ယာယီရပ်နားထားမယ်လို့ သိရပြီး ဘယ်တော့ ပြန်ပြေးဆွဲမလည်းဆိုတာ VOM က မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်စပိုင်းတုန်းက ကယားပြည်နယ် လွိုင်ကော် လေဆိပ်မှာ ဆင်းလာတဲ့ ခရီးသည်တင် လေယာဥ်တစီး သေနတ်နဲ့ချောင်းမြှောင်း ပစ်ခံရလို့ လေယာဥ်ခရီးသည် နှစ်ယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW