နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃
SP ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြို စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံးပြီး ၊ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပခုက္ကူခရိုင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဆိပ်ဖြူမြို့နယ် ၊ ရွှေဘိုကျွန်းရွာနဲ့ ကျောက်ကြီးရွာကြား ဆိပ်ဖြူ – ရွှေဘိုကျွန်း – လက်ဆည် – ပေါက်ကားလမ်းမှာ မြေမြှုပ်မိုင်း တလုံးကွဲတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကြောင့် ဆိပ်ဖြူမြို့က ကိုဇော်လင်း ခေါ် အေးကြီးနဲ့ ပေါက်မြို့နယ် ၊နံသာကျေးရွာက မခင်သန်းမွန်တို့ ထိမှန် သေဆုံးတယ် ၊ သူတို့နှစ်ဦးက ဆိုင်ကယ်နဲ့ ခရီးသွား အရပ်သား ပြည်သူတွေဖြစ်တယ် ၊ နောက်ပြီး အဲ့ဒီ ဖြစ်စဥ်နဲ့ တပြိုင်တည်းလို ဖြစ်စဥ်က မြိုင်မြို့နယ် ၊ ကန်နီရွာဘက်မှာလည်း မြေမြှုပ်မိုင်း ပေါက်ကွဲတယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ ဦးကျော်ရင် (၄၂)နှစ် နဲ့ ဦးမြတ်စိုးမင်း (၄၃)နှစ်တို့ နှစ်ဦးဟာ ကန်နီရွာကနေ ယာခင်တောကိုသွားရာကနေ ကန်နီရွာရဲ့ အရှေ့မြောက်ဘက် ကျေးရွာချင်းဆက် လမ်းပေါ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲထိမှန်လို့ သေဆုံးတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
ပခုက္ကူခရိုင်ထဲမှာ ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် ဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွေ ရှိတယ် ၊ ပေါက်မြို့နယ် ယောချောင်း အမှတ် ၂ ၊ ရေပြာ အုန်းတော တံတား မိုင်းခွဲဖျက်ဆီးခံရတယ် ၊ ဆိပ်ဖြူမြို့နယ် ဆိပ်ဖြူ လက်ဆည် ရွှေဘိုကျွန်း ပေါက်လမ်းဘက်မှာလည်း ဖြစ်တယ် ၊ မြိုင်မြို့နယ် ကန်နီရွာဘက်မှာလည်း ဖြစ်တယ် ၊ ရေစကြို ရေလယ်ကျွန်းဘက်မှာလည်းဖြစ်တယ် ၊ ဖြစ်စဥ် လေးငါးခုလောက်ရှိမယ် ” လို့ ပြောပါတယ်။
ပရဟိတသမား တယောက်က ” နိုဝင်ဘာ ၁၁ ရက်ကနေ ၂၁ ရက် ဒီကနေ့အထိ ၁၀ ရက်အတွင်း ပခုက္ကူခရိုင်ထဲမှာ လက်နက်ကြီးထိမှန်တာနဲ့ မိုင်းပေါက်ကွဲ ထိမှန်လို့ သေဆုံးသူ ငါးယောက်ထက်မနည်းရှိပြီး ဒဏ်ရာရသူတွေလည်း ရှိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ ၂၀၂၃ နိုဝင်ဘာ ၁၅ အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေ ၊ ကျေးရွာတွေနဲ့ ကားလမ်းတွေမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဥ်ပေါင်း ၄၀၀ ကျော်ရှိတဲ့အနက် သေဆုံးသူ ကလေးသူငယ် ၅၂ ယောက် ၊ ဘုန်းကြီး ၄ ပါး ၊ ခရီးသွားပြည်သူ ၈၇ ယောက် ရှိပြီး ၊ မိုင်းစထိမှန် ထိခိုက်ဒဏ်ရာသူ ၂၆၈ ယောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။