နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံးကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ မနေ့ နိုဝင်ဘာ ၂၀ ရက်ကနေစပြီး ဆေးရုံပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဆေးရုံဝန်းထဲမှာ နေထိုင်တဲ့ ဆေးရုံအုပ်ကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၀ ကျော်ရှိတယ် ၊ အခု အဲ့ဒီ ဝန်ထမ်းတွေမရှိတော့ဘူး ၊ တခြားမှာ ပြောင်းရွှေ့သွားကြတယ် ၊ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ ဆေးကုသနေဆဲလူနာတွေက မုံရွာဆေးရုံပြောင်းရွှေ့တာနဲ့ ဆင်းကုန်ကြတယ် ၊ ဘုတလင် ဆေးရုံမှာက အခုဆို လူနာရော ၊ ကျန်းမာရေး ဝန်ထမ်းတွေပါ မရှိတော့ဘူး ၊ ဘာကြောင့်လဲဆိုရင် နိုဝင်ဘာ ၁၈ ရက်ညက ဒရုန်းတွေနဲ့ လက်နက်ကြီးတွေ ဆေးရုံပေါ်ချခံရတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဆေးရုံကို ကျန်းမာရေး ဝန်ထမ်းတွေ မလာတော့ ဘူး ” လို့ မြို့ခံတယောက်က ပြောပါတယ်။
ဘုတလင်မြို့ဟာ မုံရွာမြို့ရဲ့ မြောက်ဘက် ၂၂ မိုင်အကွာမှာ တည်ရှိပြီး ရေဦး – မုံရွာ – မန္တလေး ကားလမ်းပေါ်မှာရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘုတလင်မြို့ပေါ်မှာ ပြည်သူ့ဆေးရုံကလွဲလို့ အခြား ပြင်ပ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေ မရှိဘူးလို့ သိရပါတယ်။
ဘုတလင်မြို့ခံ တယောက်က ” ၁၈ ရက်နေ့ညက ဆေးရုံမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နောက်တနေ့ကစလို့ဆေးရုံအုပ်ကြီး အပါအဝင် ၊ လက်ထောက်မြို့နယ် ဆရာဝန် ၊ ဓာတ်မှန်ကျွမ်းကျင် ၊ ဓာတ်ခွဲကျွမ်းကျင် ၊ အထက်တန်းသူနာပြု့ ၊သူနာပြု့တွေ စတဲ့ ကျန်းမာရေး ဝန်ထမ်း ၂၀ ကျော် ထွက်ပြေးတိမ်းရှောင်သွားတယ် ၊ ဘုတလင်မှာ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေက လုံးဝ ဇီးရိုးဖြစ်သွားတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက် ညနေပိုင်းက ဘုတလင်မြို့နယ် ဗဟို မီးသတ်တပ်ဖွဲ့မှာ သန္ဓေတာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့မြို့နယ် ဦးစီးအရာရှိ အပါအဝင် မီးသတ် ၁၀ ဦးနဲ့ မီးသတ် မိသားစုဝင် ၁၀ ဦး ၊ ပေါင်း ၂၀ ဦးတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မီးသတ်ကား နှစ်စီးနဲ့ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ရက်ပိုင်းအကြားမှာ မိသားစု ၁၀ ဦး ပြန်လွတ်လာပေမယ့်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးကတော့ ဒီကနေ့အထိ ဆက်သွယ်မရဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့် ဘုတလင်မြို့မှာ ဗဟို မီးသတ်ရုံးပိတ်ခံထားရပြီး ၊ မြို့ပေါ်မှာ မီးဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ပေးမယ့်သူ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်မှာ ရှိတဲ့ ၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်နေတဲ့နေရာကို လက်နက်ကြီး ကျည်ရောက်ပေါက်ကွဲတာကြောင့် ကျောင်းသားတယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်ဒေသခံကျောင်းသားမိဘတွေဆီက သိရပါတယ်။