ရန်ကုန်၊ ဒီဇင်ဘာ ၆ – ၂၀၂၃
KT +GG (VOM)
စက်သုံးဆီဈေး မြင့်တက်လာပြီးနောက်
ရန်ကုန်၊ နေပြည်တော် အပါ အဝင် မြို့နယ်အများစုမှာ စက်သုံးဆီ ဝယ်ယူမရတော့ဘဲ ပြတ်လပ်မှုတွေရှိလာတဲ့အပြင် ဆီကိုအချိန်သတ်မှတ်ပြီးသာ ရောင်းချတဲ့ပုံစံတွေပါရှိလာတယ်လို့ သိရပါတယ်။
” ရန်ကုန်မှာ ရတဲ့ဆိုင်အရမ်းကိုနည်းသွားပါတယ်၊ဆီရှိတဲ့ဆိုင်ကျလည်း တန်းစီစောင့်ရတယ်။ တချို့ဆိုင်တွေကတော့ ဆီရနိုင်မယ့်အချိန်ကိုမှန်းပြီး ပြန်လာဖို့ ပြောကြတယ် ။ ဆီဝယ်ဖို့ပတ်ရှာရင်းနဲ့ကို ကားထဲရှိတဲ့ဆီက ကုန်သွားတယ် ” လို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတယောက်ကပြောပါတယ်။
နေပြည်တော်အပါအဝင် စက်သုံးဆီလက်ကျန်ရှိနေသေး တဲ့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေမဟုတ်တဲ့ လမ်းဘေးဆီအရောင်းဆိုင်တွေကတော့ ဆီရောင်းချနေကြတာမျိုးတွေရှိပြီး ဆီတဂါလံဈေးမြင့်တက်ရောင်းချလာနေကြတယ်လို့သိရပါတယ်။
” ဆီကလုံးဝပြတ်သွားပါပြီ.လမ်းဘေးဆိုင်တွေမှာတဂါလံ ၂၈၀၀၀ ကျပ်ဖြစ်သွားပြီ..တပုလင်းကို ၁၀၀၀၀ ကျော်သွားပြီ၊ဗဟိုဘဏ်ကလည်းဒေါ်လာကိုလွှတ်ချလိုက်ပြီ.ဒေါ်လာနဲ့လှုပ်ရှားနေကြသူတွေလှမ်းမေးလိုက်တော့ ဒေါ်လာကိုင်ထားပြီးကစားနေသူတွေအကုန်လစ်ကုန်ကြပြီလို့ပြောပါတယ်၊ဒေါ်လာဒိုင်ကြီးတွေပေါ့ ဒေါ်လာကိုမကိုင်တော့ဘူးလွှတ်ချတော့မယ်ဆိုတဲ့အကြောင်းကြိုသတင်းရ ဒေါ်လာကိုလွှတ်ပေးလိုက်ရင်ဘာဖြစ်မလဲဆိုပြီးခေါ်မေးကြောင်း..ဗဟိုဘဏ်နဲ့ပြင်ပဒေါ်လာဝယ်ရောင်းလုပ်ကိုင်နေသူတွေဆက်စပ်မှုရှိနေကြ တယ် ” လို့ နေပြည်တော်က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဓာတ် ဆီတင်သွင်းဖို့အတွက်လိုအပ်တဲ့ဒေါ် လာအတွက် ၄၀ ရာခိုင်နူန်း ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ရောင်းချပေးနေမှုကို ရပ်တန့်လိုက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ဒေါ်လာလိုအပ်ချက်ရှိလာတာကြောင့် စက်သုံးဆီ တင်သွင်းနိုင်ခြင်းနည်းသွားတယ်လို့သိရပါတယ်။
ခုလိုစက်သုံးဆီတင်သွင်းနိုင်မှုနည်းသွားတာကြောင့် နစက ဘက်မှာ အရန်ထားရှိတဲ့စက်သုံးဆီတွေကို ထုတ်ရောင်းချပေးနေပေမယ့်လည်း တရက်မှာ အကန့်အသတ်နဲ့ထုတ်ပေးနေလို့ သီလဝါက Terminal တွေမှာ ဆီထုတ်ယူရာ အခက်အခဲတွေရှိတာကြောင့် ဆီရရှိမှုနည်းပြီး ဆီ ပြတ်လပ်မှုတွေရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“သီလဝါ တာမီနယ်မှာ ဆီထုတ်ဖို့ ၄ ညအိပ်နေရတယ်။ သူတို့က ဆီကိုနေရာ ၅ ခုလောက်ခွဲထုတ်ပေးနေတော့ အဆင်မပြေဘူး၊ လီတာ ၁၅၅၀၀ ကိုလေးပွိုင့်ခွဲထုတ်ရတယ် ၊တပွိုင့်ထုတ်ဖို့ကို နှစ်ရက်ကြာစောင့်ရတယ် ” လို့ သီလဝါမှာ စက်သုံးဆီ ထုတ်တဲ့သူ တယောက်ကပြောပါတယ်။
ရန်ကုန်၊နေပြည်တော်၊ပဲခူးတိုင်း ၊မကွေးတိုင်း၊မန္တလေးတိုင်း စတဲ့ နေရာအများစုက စက်သုံးဆီအရောင်း ဆိုင်ကြီးတွေမှာ ဆီ ပြတ်နေပြီး ဆီရရှိတဲ့အချိန်မှာ အကန့်အသတ်နဲ့ ရောင်းချပေးနေကြပါတယ်။
” ဆိုင်ကယ်ထဲတောင်ဘယ်မှာမှ မရဘူး။တမြို့လုံးကိုဆီပြတ်နေတာ၊ ဈေးကတော့ ဆိုင်ကြီးတွေက မှန်တယ်၊ လမ်းဘေး ဆီပန့်၂ခုလောက်လောက်နဲ့ရောင်းနေတဲ့ ဆိုင်အသေးတွေနဲ့ ပုလင်းနဲ့ရောင်းတဲ့ဆိုင်တွေကတော့ ဈေးတက်သွားတယ်၊အခုက လမ်းဘေးဆိုင်မှာကို မရဘူး ” လို့ ပြည်မြို့ဒေသခံတယောက်ကပြောပါတယ်။
လက်ရှိမှာတော့ စက်သုံးဆီ လက်ကျန် ရှိသေးတဲ့ ဆိုင်အချို့မှာတော့ တန်းစီဝယ်ယူသူတွေအများအပြားရှိနေပြီး တချို့ဆိုင်တွေကတော့ ဆီရရှိနိုင်မယ့်အချိန်ကို ဆိုင်းဘုတ်ချိတ်ကာအသိပေးထားပြီး အကန့်အသတ်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးကတော့ တိုက်ပွဲတွေဖြစ်လို့ သွားလာရေးခက်ခဲနေတဲ့ ရခိုင်ပြည်နယ်မှာ တစ်လီတာကို ၁၀၀၀၀ ကျပ်အထက်ထိရှိနေပြီး မူဆယ်မြို့မှာတော့ ဆီပြတ်လပ်မှုမရှိပေမယ့် ဈေးနူန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။
အလားတူ မြဝတီကော့ကရိတ်ဘက်မှာလည်း စက်သုံးဆီ ဝယ်ယူရအဆင်ပြေနေပေမယ့် ဈေးနူန်း မြင့်တက်မှုရှိနေတယ်လို့သိရပါတယ်။
ဒီကနေ့ စက်သုံးဆီ ဈေးတွေကတော့ ၉၂ က တလီတာကို ၂၆၀၀ ဝန်းကျင် ရှိပြီး ၉၅ က တလီတာကို ၂၇၀၀ ဝန်းကျင် ရှိနေပါတယ်။
Photo: VOM