ရန်ကုန် ရွှေထွဋ်တင် EDM ပွဲ အဝင်ဂိတ် ပေါက်ကွဲမှု တယောက် ဒဏ်ရာ ရ

 

ဒီဇင်ဘာ ၁၀ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်းမှာ ပြုလုပ်တဲ့ EDM ပွဲ အဝင်ဂိတ်အနီးမှာ မနေ့ ဒီဇင်ဘာ ၉ ရက်၊ ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲ့ဒီ့ကွင်းမှာ မနေ့ညက Waterzonic Myanmar က ကျင်းပပြုလုပ်မယ့် Waterzonic EDM ပွဲရှိပြီး ပွဲအစပိုင်း ညနေ ၃ နာရီဝန်းကျင်မှာ ရွှေထွဋ်တင်ကွင်းအဝင်ဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေးတယောက် ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပွဲက အစပဲရှိသေးတော့ လူကတော့ အဝင်သိပ်မရှိသေးဘူး။ ဖျော်ဖြေပွဲမစတင်ခင်မှာ အဝင်ဝမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ။ ကုမ္ပဏီလုံခြုံရေးဝန်ထမ်းတယောက်လောက်ပဲ ဒဏ်ရာရသွားတာ။ တခြား ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နယ်မြေခံလုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးချက်အရ ကျွဲရိုင်းအချိုရည်ဘူးခွံနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းကတဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ပေါက်ကွဲမှုအပြီးမှာတော့ တာမွေလေးရပ်ကွက်နဲ့ ကျားကွက်သစ် ရပ်ကွက်အတွင်းမှာ လုံခြုံရေး‌တပ်ဖွဲ့တွေ လှည့်လည် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ရပ်ကွက်နေပြည်တွေဆီက သိရပါတယ်။

“ကိုယ်တွေနေတဲ့နေရာနဲ့ နီးနီးလေးဆို‌တော့ ပေါက်ကွဲသံ အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဒီလိုအချိန်မှာက ဘာပွဲမှ မလုပ်တာ၊ မသွားတာ၊ အကောင်းဆုံး။ ဘယ်နေရာမှာမှ လုံခြုံမှု မရှိဘူးလေ။ ကိုယ့်အိမ်ထဲနေတာတောင် မလုံခြုံတဲ့ခေတ် ဖြစ်နေတာဆိုတော့။ အပြင် အဲ့လိုနေရာမျိုးတွေဆို ပိုဆိုးပေါ့။ New Year ကျရင်လည်း ဘာတွေဖြစ်ကြဦးမလဲ မသိဘူး။ ဖြစ်နိုင်ရင်တော့ ဘယ်ပွဲမှ မသွားတာက ကိုယ့်လုံခြုံရေးပိုင်းအတွက် အနည်းအကျဉ်းတော့ စိတ်ချရမယ်။ အခုက ဘယ်နေရာမှာမှ မလုံခြုံတဲ့ခေတ် ဖြစ်နေတာလေ” လို့ တာမွေမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ဗုံးဖောက်ခွဲမှုကို Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Dark Shadow တပ်ဖွဲ့က မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၈ ရက် ညပိုင်းကလည်း တာမွေမြို့နယ်၊ အသောကလမ်းပေါ်မှာ တာယာကွင်းတွေ မီးရှို့ဆန္ဒပြခဲ့ကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW