ကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံမှုတွေ ထပ်မံဖြစ်ပွား

ဖေဖော်၀ါရီ၊ ၁၉၊ ၂၀၂၅
KH (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်မှာ အခုတလော လေကြောင်း တိုက်ခိုက်ခံမှု ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ကနီမြို့ခံတွေက ပြောပါတယ်။
” မုံရွာ – ကလေး၀ – ကနီ လမ်းဆုံမှာရှိတဲ့ ကနီနယ် ချောင်းမ အရှေ့ ရွာ လမ်းဆုံကို မနေ့က ညနေပိုင်း ၄ နာရီ လောက်မှာ လေကြောင်း တိုက်ခိုက်ခံမှု ထပ်ဖြစ်ခဲ့တယ် ၊ နေအိမ်ဆိုင်ပေါ်ကိုကျတယ် ၊အဲ့ဒီ တိုက်ခိုက်မှုကြောင့် လူငါးယောက်သေဆုံးပြီး လူကိုးယောက် ဒဏ်ရာ ရတယ် ၊ နေအိမ် တချို့ ပျက်စီးတာတွေရှိတယ် ” လို့ ကနီ ချောင်းမ ရွာခံတယောက်က်က ပြောပါတယ်။
တောင်ပေါ်တက်မယ့် ကားက ကွမ်းယာဆင်းပြီး၀ယ်နေတုန်း တိုက်ခိုက်ခံရတာ ၊ ကွမ်းယာရောင်းတဲ့သူအပါအ၀င် ကွမ်းယာဆိုင်မှာ ထိုင်နေတဲ့သူတွေရော ထိတာ ” လို့ မျက်မြင် တွေ့ရသူက ပြောပါတယ်။
ဒါအပြင် ချောင်းမရွာခံ တယာက်က
” တိုက်ခိုက်ခံရပြီးနောက် ကွမ်းယာဆင်း၀ယ်နေတဲ့ကားက လူနာတွေကို သယ်သွားတယ် ” လို့ ပြောပါတယ်။
ချောင်းမ အရှေ့ရွာခံ တယောက်က ” ကိုချစ်ဦး ၊ ဒေါ်မြတ်ဌေး ၊ နေလင်းထွန်း ၊ဟန်သူနဲ့ ကိုကို ဆိုသူ အပါအ၀င် အနောက်ရွာက ကလေးတယောက်ပါ သေဆုံးတယ် ” လို့ပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အဲ့ဒီတိုက်ခိုက်မှုဟာ စက်တပ်လေထီးယာဥ်ဖြစ်ပြီး နေ့စဥ်နီးပါး ကနီနယ်ပေါ်ကို ဖြတ်သန်းလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နတ်ကြီး၊ ထောက်ကြန့်ကုန်း ၊ဆူးလေကုန်း ၊ နတ်လာပို့ ၊ မုဋော စတဲ့ ကျေးရွာတွေဘက်မှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW