သူတို့အိမ် အခန်း (၁၇၄)

ဆူးငှက်

 

လွတ်လပ်ရေးနေ့၊ မန်းသီတာဥယျာဉ်
—————————————

အဘဆုံးပြီး နောက်တစ်လ မပြည့်မီမှာပင် ခင်သော်ဇင်က ဒုတိယကိုယ်ဝန်ကို မွေးဖွားသည်။ ထိုနေ့မနက်ကတည်းက ခင်သော်ဇင်က မနက်စောကတည်းက ရေမိုးချိုး ဖီးလိမ်း ပြင်ဆင်ပြီး မန်းသီတာဥယျာဉ်ထဲ အကြီးကောင်ကိုခေါ်ပြီး ဗိုက်ကြီးတကားကားနှင့် သွားမယ်တဲ့။ အိမ်မှာရှိသည့် တူမတွေလည်း လိုက်ကြမယ်တဲ့။ တကယ်တော့ မန်းသီတာ ဥယျာဉ်က အိမ်မြောက်ဘက် တစ်ပြကျော်တာနှင့် ရောက်တာပဲလေ။ အိမ်က ၇၆လမ်းနှင့် ၂၇လမ်းမှာရှိသည်။ မန်းသီတာဥယျာဉ်က တောင်ဘက် ကျုံးအတွင်း ၇၃လမ်းမှ ၇၉လမ်းအကြားရှိသည်။ အိမ်နှင့် အနီးဆုံး ဝင်ပေါက်ဖြစ်သည့် မေတ္တာပေါင်းကူးတံတားက ၂၆ဘီလမ်းနှင့် ၇၆လမ်းထိပ် အနီးမှာရှိသည်။ ထို့ကြောင့် မန်းသီတာဥယျာဉ်က အိမ်နှင့် တစ်ပြပဲ ဝေးသည်ဟု ပြောခြင်း ဖြစ်သည်။

ထိုနေ့က ၁၉၈၉ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ ဖြစ်သည်။ ဟို အရင်နှစ်တွေကလို ဥယျာဉ်ထဲမှာ ပြခန်းတွေ စာပေပြိုင်ပွဲတွေ၊ တီးဝိုင်းတွေ၊ အားကစားပွဲတွေမပါသော်လည်း လွတ်လပ်ရေးနေ့မို့ လူစည်သည်။ ထို့ကြောင့် ခင်သော်ဇင်က ၃နှစ်ရွယ် သားကြီးကို လက်ဆွဲကာ တူမများနှင့် သွားခြင်း ဖြစ်၏။ ထိုစဉ်ကာလ ကျွန်တော့် စာအုပ်ဆိုင် လေးက အရေးအခင်းအပြီး ပြန်လည်နာလံထူစ ဖြစ်သည်။ အရှိန်တော့မရသေး။ အိမ်မှာ တူတွေ တူမတွေတော့ ညအိပ်ညနေ ရှိနေပေးကြသေးသည်။ ကျွန်တော်ကလည်း သြဂုတ် စက်တင်ဘာ ၂လအတွင်း ရက်၂၀ လောက် သတင်းစာအလုပ် လုပ်ကိုင်ပြီးနောက် မန္တလေးစာရေးဆရာများနှင့် ပိုမိုရင်းနှီးသွားသည်။ တစ်ခါတရံ သူတို့က ညတိုင်လျှင် အိမ်သို့ အလည်လာတတ်ကြသည်။ အသစ်ထွက် မဂ္ဂဇင်းတွေ လှန်လှောကြည့်ရင်းပေါ့။ ထိုစဉ်ကာလ ကျွန်တော်တို့လည်း မနက်ပိုင်းမှာလည်း လူထုတိုက်မှာ ဆုံဖြစ်ကြသည်။ သတင်းစာ ထုတ်စဉ်ကာလ အရှိန်မကုန် သေးသည့် သဘောလေ။

 

ဇန်နဝါရီ ၅ရက် မနက်မှာ
—————————-

လွတ်လပ်ရေးနေ့တွင် မန်းသီတာဥယျာဉ်သို့ ခင်သော်ဇင် သွားရေက်လည်ပတ်ပြီး ထိုည သန်းခေါင်ကျော်မှာပင် ခင်သော်ဇင် ဗိုက်နာသည်။ အချိန်က တကယ့် အချိန်၊ မာရှယ်လော ကာလကြီး သန်းခေါင်ကျော်မှာ ထပြီး ဗိုက်နာသတဲ့၊ မနက်လင်းသည့်အထိ စောင့်လို့မရ။ သည်တော့ ကြားဖူးနားဝဖြင့် ဖယောင်းတိုင်မီးလေးတွေကိုင်ကာ တောင်ဘက် ၂ပြမှာရှိသော ဆေးရုံသို့ ခြေကျင် ခပ်သုတ်သုတ်ယွန်းကြရသည်။ အဒေါ်ဗိုက်နာတာကို တူတော်မောင်များက ဖယောင်းတိုင်လေးတွေနှင့် ဆေးရုံသို့ အရဲစွန့် ပို့ရသည်။ ထို့ကြောင့် ၁၉၈၉ ခု၊ ဇန်နဝါရီလ ၅ ရက်နေ့ မနက်မှာပဲ ခင်သော်ဇင်က ဒုတိယမြောက်သားကို မွေးဖွားခဲ့သည်။ ထိုစဉ် ခင်သော်ဇင့် ကိုယ်ဝန်နှင့် မီးဖွားခြင်း ကိစ္စ အဝဝကို ကူညီပေးသူက စာရေးဆရာမ ညိုညိုတင်လှ ဖြစ်သည်။ သူက မန္တလေးဆေးတက္ကသိုလ် မြန်မာစာဌာနက နည်းပြဆရာမလည်း ဖြစ်သည်။ ဆရာမက အိမ်သို့ စာအုပ်ငှားရင်း ကျွန်တော်နှင့်ပါ ရင်းနှီးပြီး သူလည်း ဝတ္ထုတိုတွေ ရေးသားနေကြောင်း သိလိုက်ရသည်။

ထိုသို့ ရင်းနှီးပြီး မရှေးမနှောင်းမှာပဲ သူ့ဝတ္ထုတို တစ်ပုဒ်ကို မဟေသီမဂ္ဂဇင်းမှာ ဖတ်လိုက်ရသေးသည်။ ဆရာမက ကျွန်တော့ အိမ်နှင့်ပါ ရင်းနှီးသွားကာ ခင်သော်ဇင်နှင့်က ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်လာတော့၏။ အရေးအခင်းပြီးတော့ စာအုပ်ဆိုင်လုပ်ငန်းက အရင်လို အဆင်မပြေချင်။ အထူးသဖြင့် ကျောင်းရက်ရှည် ပိတ်လိုက်တော့ ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေက အိမ်မှာနေရင်း အပိုဝင်ငွေလေးရအောင် စာအုပ်ဆိုင် ကက်ဆက်ခွေဆိုင် ဗီဒီယိုခွေဆိုင်လေးတွေ ဖွင့်လာကြသည်။ ထို့ကြောင့် ရပ်ကွက်တိုင်းလိုလို ဆိုင်သစ်လေးတွေ တိုးလာသည်။ အထူးသဖြင့် ဗီဒီယိုဇာတ်ကားတွေက ခေတ်စားလာသည်။ ပရိသတ်အတော်များများက ဗီဒိယို ဇာတ်ကားတွေဖက် ဦးလှည့် သွားကြသည်။ သည်တော့ စာအုပ်အငှားဆိုင်တွေက ဗီဒီယိုခွေပါ အငှားတင်ကာ ကိုယ့်ပရိသတ်ကို ထိန်းထားမှ အဆင်ပြေသည်။ ကျွန်တော်က ဗီဒီယိုခွေ အငှား တိုးချဲ့ဖို့ မပြောနှင့် စာအုပ်အသစ်တွေကိုပင် အလျင်မီအောင် မဝယ်နိုင်တော့။

မဝယ်နိုင်လို့ အငှားလျော့၊ အငှားလျော့လို့ မဝယ်နိုင်
——————————————————

ထိုစဉ်က သိုင်းဝတ္ထုတွဲများ ခေတ်စားသည်။ လုံးချင်းထဲက မင်းသိင်္ခ၊ ဂျူးနှင့် စာရေးဆရာမအသစ် နံမည်လေးများ ခေတ်စားသည်။ ထို့ကြောင့် အဖတ်များသည့် စာအုပ်များကို တစ်မျိုးလျှင် ၂အုပ် ၃အုပ် ၅အုပ်အထိ ထားကြရ၏။ ကျွန်တော်က ၁အုပ်တောင် အနိုင်နိုင်ဖြစ်သည်။ ၃ အုပ် ၄အုပ် ၅အုပ် တင်သူများက ဆင်ခြေဖုံးနှင့် နယ်အငှားဆိုင် လေးများနှင့် ဆက်သွယ်ထားရသည်။ လုံချင်းအသစ် ထွက်ထွက်ချင်း ၄အုပ်ဝယ်ပြီး ကိုယ့်ပရိသတ်ကို အဆင်ပြေအောင် ငှားလိုက်ရသည်။ ထိုသို့ငှားပြီး တစ်ပတ်လောက်နေမှ ကိုယ့်ဆီမှာ ၁အုပ် (သို့မဟုတ်) ၂အုပ်လောက်ပဲ ချန်ကာ ကျန်စာအုပ်မျာကို မူရင်းဝေးထက် အနည်းငယ်လျော့ပြီး ဆင်ခြေဖုံးနှင့် နဝ်ဆိုင်များသို့ ပြန်ရောင်းချရသည်။ ထိုအခါ ကိုယ့်မိတ်လည်းမပျက်ဘဲ စာအုပ်က ရက်ပိုင်းမှာပင် အရင်းကျေသည်။ ကျွန်တော်က ထိုသို့လည်း အရင်းမစိုက်ထုတ်နိုင်။ စာအုပ်မဝယ်နိုင်လို့ ငှားသူလျော့၊ ငှားသူလျော့လို့ စာအုပ်မဝယ်နိုင် သံသရာမှာ ဖြည်းဖြည်းချင်း လုံးပါးပါးလာသည်။

ထိုအချိန်တွင် ဒုတိယ ကိုယ်ဝန်ကို မွေးဖွားဖို့ ပြင်ဆင်ရတော့ ခင်သော်ဇင်ကလည်း အခက်အခဲ အကျပ်အတည်းကို ဆရာမညိုညိုတင်လှ အား ပွင့်ပွင့်လင်းလင်း ပြောထားပုံရသည်။ ထို့ကြောင့် ဆရာမညိုညိုတင်လှ က မီးဖွားဖို့ ကိစ္စ အဆင်ပြေဖို့ စရိတ်စက သက်သာဖို့ ဆေးကျောင်းက သူ့မိတ်ဆွေ အိုဂျီဆရာမတွေကို အကူအညီတောင်းထားသည်။ ထို့ကြောင့် စရိတ်စက မကုနု်ကျဘဲ မီးဖွားခဲ့သည်။ ထိုမျှသာမက ကျွန်တော်တို့၏ စီးပွားရေးနှင့် နေရေးထိုင်ရေး အခြေအနေကို သိထားသော ဆရာမညိုညိုတင်လှ က ခင်သော်ဇင့်ကို (ကန်တော့ပါရဲ့) သားကြောဖြတ်ရန်အတွက်ထိ ကူညီ ပေးခဲ့၏။ သမီးလေးတစ်ယောက်တော့ လိုချင်သားပေါ့လေ။ သို့သော် မတတ်နိုင်၊ ထိုစဉ်က တရားဝင် သားကြော ဖြတ်ဖို့ မလွယ်ကူသော ကာလမှာ အဆေင်ပြေအောင် ဆောင်ရွက်ပေးလို့ ကျေးဇူးတင်ရပါသည်။

စာအုပ် အဟောင်းအကောင်း ဆိုသော်ငြား
——————————————–

စာအုပ်ဆိုင်က အဖြစ်ပဲ ကျန်တော့သည်။ မဂ္ဂဇင်းနှင့် ကာတွန်းပဲ အသစ်တင်နိုင်တော့သည်။ သိုင်း၊ ဘာသာပြန်နှင့် လုံးချင်းက အသစ်ထွက်တိုင်း မတင်နိုင်တော့။ အထူးသဖြင့် ၁၉၈၈ အပြီး လူငယ်အတော်များများက သမိုင်း အထ္တုပ္ပတ္တိနှင့် နိုင်ငံရေးစာပေတွေ လေံလာဖတ်ရှုလာကြသည်။ ထို့ကြောင့် ကျွန်တော်က ကျွန်တော့မှာ ရှိထားပြီး အိမ်တွင်းမှာ မှန်ကောင်တာနှင့် ထည့်ကာ လူရင်းနှီမှ ငှားသည့် စာအုပ်များကို ကြော်ငြာ၍ပင် ချငှားရတော့သည်။ ဆိုင်ရှေ့မှာ ဘလက်ဘုတ်လေးထောင်ပြီး “ ဝိဒူရလို့ နာမည်တွင်ရစ်စေတဲ့ သခင်ချစ်မောင်ရဲ့ နာမည်ကျော် မိန့်ခွန်း” ဆိုတာတို့ “တစ်ယောက်က နိုင်ငံတော်သမတကြီး အဖြစ် ကျမ်းသစ္စာကျိန်ဆိုစဉ် တစ်ယောက်က နာရသိန်အတွင်း ကြိုးမိန့်ကျခံနေရတဲ့ ဂျပန်ခေတ်လေထီးရဲဘော် ၂ဦး” ဆိုတာတို့၊ “ ပြည်တွင်းစစ်တရာခံက ဘယ်သူလဲ၊ ဗားကရာချောက်ကို အရိုးနဲ့ ဖို့မယ်လို့ ချိမ်းခြောက်သူလား” ဆိုတဲ့ ကြော်ငြာစာသားတွေရေးသည်။ မဆိုးလှ၊ စာအုပ်ဟောင်းတွေ ပြန်ငှားလာရသည်။

သို့သော် မကြာလိုက်၊ လာငှားသည့် လူသစ်တွေ ပုံစံ၊ မေးသည့် မေးခွန်း စသည်တို့က အဆေင်မပြေတော့။ သတိထားလာရသောကြောင့် သတိထားကာ စာအုပ်များအပေါ် တန်ဖိုးမထားသည့် ပုံစံ ဖြေရတော့သည်။ “နယ်က ပေါပေါပဲပဲ တွေ့လို့ ပိဿာချန်နဲ့ ဝယ်လာတာ၊ ငှားရုံတင်မဟုတ်ဘူး၊ အရင်းလောက်ရရင်ကို ပြန်ရောင်းပြီး မင်းသိင်္ခ အသစ်ပဲ ဝယ်မှာ” ဆိုတာမျိုး ဖြေရသည်။ နောက် သည့်ထက် အခြေအနေမဟန်တော့ စာအုပ်များကို မြို့သစ်က တူတော်မောင်အိမ် ဂ့ုနီအိတ်နှင့် ထည့်ကာ ပို့လိုက်ရ၏။ တူတော်မောင်ကလည်း ပြေးရပြန်တော့ စာအုပ်များကို သူ့သူငယ်ချင်းအဆောင်မှာ ပို့ခဲ့သည်။ ထိုအဆောင်ရောက်ပါမှ အသိမ်းခံလိုက်ရသည်။ အုပ် ၂၀၀ကျော်လေ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း စီးရီးလိုက်တွေ၊ ဘုံဘဝမှာဖြင့် အုပ်သေးအစုံ၊ မြသန်း၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ နိုင်ဝင်းဆွေ နှင့် ကျော်လင်းထုတ်၊ ဝင်းမော်ဦးထုတ်၊ သင့်စာပေထုတ်၊ ပုဂံစာအုပ်တိုက်ထုတ် စာအုပ်များ။ အကုန်ပါသွားသည်။ (ထိုစာအုပ်များမှ အချို့ကို နောက် ၂နှစ်လောက်နေတော့ ညဈေးတန်း အဟောင်းဆိုင်တစ်ဆိုင်မှာ အပုံလိုက်တွေ့လို့ ကိုယ့်စာအုပ်ကို ကိုယ်ပြန်ဝယ်ခဲ့ရသည်)။

စာရေးဆရာ ဆရာမများနှင့်
———————————

ကျွန်တော့် စာအုပ်ဆိုင်လေးက ခပ်ကျဲကျဲ ဖြစ်သော်လည်း ညတိုင်လျှင် စာရေးဆရာမိတ်ဆွေတွေ ညတိုင်းလိုလို ဆုံဖြစ်ကြသည်။ ၁၉၈၈ ပြီးမှ ခင်မင်ခဲ့သော ပန်းချီစိုးဝင်းငြိမ်းရောက်လာသည်။ ဆိုင်မှာ စဖွင့်ကတည်းက အားပေးခဲ့သော ပန်းချီကိုခင်မောင်စန်းတို့ ဇနီးမောင်နှံနှင့် ပတ်သက်သည့် စာပေဗိမာန်စာမူဆုရှင် ကိုရိုးကွန့်က မုတ်ဆိတ်မွေး ပါးသိုင်းမွေး နှုတ်ခမ်းမွေးတွေနှင့် ရောက်လာသည်။ လူထုတိုက်က ကိုကျော်စိုးဝင်း(ဆရာကြည်လင်အေး) ရောက်လာသည်။ ဆရာညိုထွန်းလူရောက်လာသည်။ ဆရာ ချမ်းမင်းအိမ်က ပြိုင်ဘီးလေးစီးကာ ရှိုးစမိုးတွေ အပြည့်နှင့် ရောက်လာသည်။ တစ်ခါတရံ ဆရာဝင်းစည်သူလည်း သူ့ကားလေးနှင့် ရောက်လာသည်။ မြို့သစ်မှာ ဆေးခန်းဖွင့်နေသည့် ဆရာကျော်စွာထက်လည်း တစ်ခါတရံရောက်လာသည်။ ပန်တျာကျောင်းဝင်းထဲမှာနေသည့် ဆရာပိုင်စိုးဝေလည်း ရောက်လာသည်။ ညနေပိုင်း စောစောမှာတော့ ဆရာမညိုညိုတင်လှ၊ ဆရာမနှင်းဆီအောင်တို့ ရောက်လာသည်။ မနက်ပိုင်းမှာ ဆရာသိုက်ထွန်းသက်လည်း လူထုတိုက် မသွားခင် ဝင်လာတတ်၏။

ထိုသို့သော စာရေးဆရာများနှင့် နေ့စဉ်လို ထိတွေ့ စကားပြော မဂ္ဂဇင်း အသစ်တွေထဲမှာပါသည့် သူတို့ဝတ္ထုတိုတွေကို မပြတ်ဖတ်ရတော့ ကျွန်တော်လည်း ရောဂါတိုးလာပါပြီ။ ထိုစဉ်ကာလ ဆန်းကျော်မောင် ကလောင်အမည်ဖြင့် ကျွန်တော့်ဆောင်းပါးလေးတွေ လခြားဆိုသလို ပါနေသော်လည်း ကျွန်တော့ ရောဂါက “ဆန်းကျော်မောင် ဆောင်းပါး” ဆေးလောက်နှင့်မရတော့။ မတင်းတိမ်တော့။ တကယ်တော့ ထိုရောဂါသည် အားကျစိတ်၊ အားမရစိတ်ဟူသော ခံစားမှုက အစိုင်အခဲဖြစ်ကာ ထိုအစိုင်အခဲ၏ ဝေဒနာက ရောဂါဖြစ်ခဲ့ပြီကော။ ညတိုင် ကျွန်တော် တော်တော်နှင့် မအိပ်ဖြစ်။ အောက်ထပ် စာအုပ်ဆိုင်ကောင်တာမှာ မီးချောင်းကြီးဖွင့်ကာ တကုပ်ကုပ် တချွတ်ချွတ်နှင့်

သန်းခေါင်သန်လွှဲတိုင်တာ ညစဉ်ဖြစ်နေပါပြီ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW