မန္တလာ ဆရာမျိုး
ယနေ့ခေတ်တွင် လူတို့၏ နေထိုင်မှုပုံစံသည် ယခင်ကထက် ပိုမိုအလုပ်များလာပြီး အချိန်ကို တန်ဖိုးထားအသုံးချရသည့် လူနေမှုဘဝသို့ ပြောင်းလဲလာသည်။ ထိုသို့သော အခြေအနေများကြောင့် အချိန်ကုန်သက်သာပြီး အလွယ်တကူ ဝယ်ယူစားသုံးနိုင်သော အထားခံအစားအစာများ (Processed Foods) နှင့် အလွန်အကျွံ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (Ultra-processed Foods) သည် မိသားစုတိုင်း၏ နေ့စဉ်စားသောက်မှုတွင် ပိုမိုနေရာယူလာသည်။ စူပါမားကက်များ၊ အဆင်ပြေစတိုးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့်ပင် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် လူကြီးလူငယ်မရွေး၊ ကလေးများပင် မကြာခဏ စားသုံးနေကြသည်။
သို့သော် “အလွယ်တကူ ရနိုင်ခြင်း” နှင့် “ကျန်းမာရေးအတွက် ကောင်းခြင်း” သည် အမြဲတမ်း တူညီသော အရာမဟုတ်ပေ။ အစားအစာများကို စက်မှုနည်းပညာဖြင့် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ရာတွင် အရသာ၊ အရောင်၊ အနံ့၊ သက်တမ်းနှင့် ရောင်းချနိုင်မှုကို ဦးစားပေးထားသည့်အတွက် သဘာဝအာဟာရဓာတ်အချို့ လျော့နည်းသွားနိုင်ပြီး ဆား၊ သကြား၊ အဆီနှင့် အခြားထည့်သွင်းပစ္စည်းများမှာ ပိုမိုများပြားလာနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများက Ultra-processed Foods များကို နေ့စဉ်အဓိကအစားအစာအဖြစ် မစားသုံးရန် အကြံပြုထားကြသည်။
လူအများစုသည် Processed Food နှင့် Ultra-processed Food တို့ကို အတူတူဟု ထင်မြင်တတ်ကြသော်လည်း နှစ်မျိုးမှာ တူညီခြင်းမရှိပါ။ Processed Foods ဆိုသည်မှာ သဘာဝအစားအစာများကို အန္တရာယ်ကင်းစွာ သိုလှောင်နိုင်ရန်၊ သယ်ယူပို့ဆောင်ရန် သို့မဟုတ် အရသာတိုးစေရန် အနည်းငယ်ပြုပြင်ထားသော အစားအစာများဖြစ်သည်။ ဥပမာအားဖြင့် Pasteurization လုပ်ထားသော နို့၊ အေးခဲထားသော ငါးနှင့် ဟင်းသီးဟင်းရွက်များ၊ ဆားအနည်းငယ်ထည့်ထားသော ပဲစည်သွပ်ဘူးများ၊ ဒိန်ချဉ်နှင့် Whole Grain Bread အချို့တို့ ဖြစ်သည်။ ထိုအစားအစာများကို မှန်ကန်စွာ ရွေးချယ်စားသုံးပါက ကျန်းမာရေးအတွက် အကျိုးရှိနိုင်သည်။
သို့သော် Ultra-processed Foods များသည် သဘာဝအစားအစာများကို အခြေခံထားသော်လည်း စက်မှုလုပ်ငန်းအဆင့်ဆင့်ဖြင့် အလွန်အကျွံ ပြုပြင်ထားပြီး သဘာဝအိမ်ချက်အစားအစာတွင် မသုံးလေ့ရှိသော ဓာတုပစ္စည်းများစွာ ထည့်သွင်းထားသည်။ ဥပမာအားဖြင့် အသင့်စားခေါက်ဆွဲ၊ အာလူးကြော်ထုပ်၊ ချိုသော Carbonated Drinks၊ Energy Drinks၊ ကွတ်ကီး၊ ကိတ်မုန့်၊ Chocolate Bar များ၊ Fast Food များ၊ Frozen Pizza၊ Chicken Nuggets၊ Sausage၊ Ham၊ Bacon နှင့် အခြားထုပ်ပိုးအဆာပြေများ ဖြစ်ကြသည်။
Ultra-processed Foods များကို မကြာခဏ စားသုံးသူများသည် နေ့စဉ်လိုအပ်သော ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်များကို လုံလောက်စွာ မရရှိဘဲ ကယ်လိုရီ၊ ဆား၊ သကြားနှင့် အဆီများကိုသာ အလွန်အကျွံ ရရှိနေတတ်ကြသည်။ ထိုအခြေအနေကို “Hidden Malnutrition” ဟု ခေါ်ကြပြီး အပြင်ပန်းတွင် အဝလွန်နေနိုင်သော်လည်း ခန္ဓာကိုယ်အတွင်း အာဟာရချို့တဲ့နေခြင်း ဖြစ်နိုင်သည်။
အထားခံအစားအစာများ၏ အဓိကပြဿနာတစ်ခုမှာ Sodium (ဆိုဒီယမ်) သို့မဟုတ် ဆားပါဝင်မှု မြင့်မားခြင်း ဖြစ်သည်။ လူတစ်ဦးသည် တစ်နေ့လျှင် ဆား ၅ ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်) ထက် မပိုသင့်ဟု WHO က အကြံပြုထားသော်လည်း အသင့်စားခေါက်ဆွဲတစ်ထုပ်၊ အာလူးကြော်တစ်ထုပ်၊ ဝက်အူချောင်းအနည်းငယ်နှင့် Sauce များကိုသာ စားသုံးလိုက်လျှင်ပင် ထိုပမာဏကို ကျော်လွန်သွားနိုင်သည်။ ဆားအလွန်အကျွံ စားသုံးခြင်းကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးကြွက်သား အလုပ်ပိုလုပ်ရခြင်း၊ ကျောက်ကပ်ပေါ် ဖိအားများလာခြင်းနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ တိုးလာခြင်းတို့ကို ဖြစ်စေသည်။
သကြားထည့်သွင်းထားသော အစားအစာများသည်လည်း အန္တရာယ်ရှိသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Soft Drinks၊ Bubble Tea၊ Energy Drinks၊ Bottled Coffee၊ Yogurt Drinks နှင့် Ready-to-drink Beverages များတွင် သကြားပမာဏ များစွာပါဝင်သည်။ အချိုရည်များမှ ရရှိသော ကယ်လိုရီများသည် အစာအိမ်ပြည့်ဝမှုကို မပေးနိုင်သောကြောင့် သာမန်အစားအစာကိုလည်း ဆက်လက်စားသုံးမိတတ်ပြီး နောက်ဆုံးတွင် ကိုယ်အလေးချိန်တိုးလာစေသည်။ အဝလွန်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရာယ်လည်း မြင့်တက်လာသည်။
Ultra-processed Foods များတွင် Saturated Fat နှင့် အချို့သော ထုတ်ကုန်များတွင် Trans Fat များ ပါဝင်နိုင်သည်။ Trans Fat သည် နှလုံးသွေးကြောရောဂါအတွက် အန္တရာယ်အရှိဆုံး အဆီအမျိုးအစားများထဲမှ တစ်ခုဖြစ်ပြီး သွေးကြောအတွင်း အဆီပြားများ ဖြစ်ပေါ်စေကာ နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့၏ အန္တရာယ်ကို တိုးစေသည်။ ထို့ကြောင့် နိုင်ငံများစွာတွင် Trans Fat အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားကြသည်။
Ultra-processed Foods များ၏ နောက်ထပ်ပြဿနာတစ်ခုမှာ အမျှင်ဓာတ် (Dietary Fiber) နည်းပါးခြင်း ဖြစ်သည်။ အမျှင်ဓာတ်သည် အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကိုလက်စထရော လျော့ချပေးခြင်းနှင့် အူအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို အာဟာရပေးခြင်းတို့တွင် အရေးပါသည်။ အမျှင်ဓာတ်နည်းသော အစားအသောက်များကို ရေရှည်စားသုံးပါက ဝမ်းချုပ်ခြင်း၊ အူမကြီးရောဂါများနှင့် Metabolic Disorders များ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်။
သိပ္ပံပညာရှင်များက လူ့အူလမ်းကြောင်းကို “Second Brain” ဟု ခေါ်ဆိုလာကြသည်။ အူအတွင်းရှိ ဘက်တီးရီးယားပိုးများ၏ ညီမျှမှုသည် ကိုယ်ခံအား၊ အစာခြေစနစ်၊ စိတ်ကျန်းမာရေးနှင့် ဦးနှောက်လုပ်ငန်းဆောင်တာများနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ Ultra-processed Foods များကို များစွာစားသုံးခြင်းသည် အကျိုးပြုဘက်တီးရီးယားများ လျော့နည်းစေပြီး အန္တရာယ်ရှိသော ဘက်တီးရီးယားများ ပိုမိုများပြားလာစေကာ ရေရှည်ရောင်ရမ်းမှု (Chronic Inflammation) ကို ဖြစ်စေနိုင်သည်။ ယင်းရောင်ရမ်းမှုသည် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းနှင့် အချို့သော ကင်ဆာများနှင့်လည်း ဆက်နွယ်နေကြောင်း သုတေသနများက ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း ထုတ်ပြန်သော လေ့လာမှုများတွင် Ultra-processed Foods စားသုံးမှု မြင့်မားသူများသည် စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှု (Anxiety) နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရှိထားသည်။ ယင်းသည် အာဟာရချို့တဲ့ခြင်း၊ အူနှင့်ဦးနှောက်ဆက်သွယ်မှု (Gut-Brain Axis) ပြောင်းလဲခြင်းနှင့် ရောင်ရမ်းမှုများကြောင့် ဖြစ်နိုင်သည်ဟု ယူဆထားသော်လည်း ဆက်လက်လေ့လာရန် လိုအပ်နေသေးသည်။
ကင်ဆာနှင့်ပတ်သက်၍လည်း သတိထားရန် လိုအပ်သည်။ ပြုပြင်ထားသော အသားများ (Processed Meats) ဖြစ်သည့် Bacon၊ Ham၊ Sausage နှင့် Hot Dogs များကို မကြာခဏ စားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေကြောင်း နိုင်ငံတကာ သုတေသနများက သက်သေပြထားသည်။ ထို့အပြင် Ultra-processed Foods များကို အလွန်အကျွံ စားသုံးသူများတွင် အခြားကင်ဆာအချို့၏ အန္တရာယ်လည်း မြင့်တက်နိုင်ကြောင်း လေ့လာမှုများ ထွက်ပေါ်နေသော်လည်း ထပ်မံအတည်ပြုရန် သုတေသနများ ဆက်လက်လိုအပ်နေဆဲ ဖြစ်သည်။
ကလေးများသည် Ultra-processed Foods ၏ အန္တရာယ်ကို ပိုမိုခံရလွယ်သော အုပ်စုဖြစ်သည်။ ရောင်စုံအထုပ်များ၊ အရသာပြင်းသော Snack များ၊ အချိုရည်များနှင့် Fast Food များကို ငယ်စဉ်ကတည်းက အလေ့အကျင့်ဖြစ်သွားပါက အဝလွန်ခြင်း၊ သွားပိုးစားခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အနာဂတ်တွင် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေ တိုးလာနိုင်သည်။ ထို့ကြောင့် မိဘများသည် ကလေးများအတွက် အိမ်ချက်အစားအစာများ၊ သစ်သီးဝလံများနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆာပြေများကို ပိုမိုရွေးချယ်ပေးသင့်သည်။
သို့သော် Processed Food အားလုံးကို ရှောင်ကြဉ်ရမည်ဟု မဆိုလိုပါ။ အေးခဲထားသော ဟင်းသီးဟင်းရွက်များ၊ Pasteurized Milk၊ Plain Yogurt၊ Oats၊ Whole Grain Bread နှင့် ဆားနည်းသော စည်သွပ်ဘူးပဲများသည် အချိန်မရသောသူများအတွက် အာဟာရကောင်းသော ရွေးချယ်မှုများ ဖြစ်နိုင်သည်။ အရေးကြီးသည်မှာ ထုတ်ကုန်၏ Ingredient List ကို ဖတ်ရှုခြင်း၊ Sodium၊ Added Sugar နှင့် Saturated Fat ပါဝင်မှုကို စစ်ဆေးခြင်းနှင့် ပါဝင်ပစ္စည်းများ ရိုးရှင်းသော ထုတ်ကုန်များကို ဦးစားပေးရွေးချယ်ခြင်း ဖြစ်သည်။
ကျန်းမာရေးကို ထိန်းသိမ်းလိုသူများအတွက် အခြေခံအကြံပြုချက်များမှာ အိမ်တွင် ချက်ပြုတ်ထားသော အစားအစာများကို ဦးစားပေးစားသုံးရန်၊ နေ့စဉ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လုံလောက်စွာ စားသုံးရန်၊ အချိုရည်များအစား ရေသန့်သောက်ရန်၊ Fast Food နှင့် Snack Foods များကို အခါအားလျော်စွာသာ စားသုံးရန်၊ အစားအစာအထုပ်များပေါ်ရှိ Nutrition Facts Label ကို ဖတ်ရှုသည့် အလေ့အကျင့် ပြုလုပ်ရန်နှင့် ကလေးများကိုလည်း ငယ်စဉ်ကတည်းက ကျန်းမာသော စားသောက်မှုပုံစံကို သင်ကြားပေးရန် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် Processed Foods နှင့် Ultra-processed Foods များသည် ခေတ်မီဘဝတွင် အဆင်ပြေစေသော အစားအစာများဖြစ်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံ၏ အဓိကအစိတ်အပိုင်း မဖြစ်သင့်ပါ။ အချိန်ကုန်သက်သာခြင်းကိုသာ မကြည့်ဘဲ အာဟာရတန်ဖိုး၊ ဆား၊ သကြားနှင့် အဆီပါဝင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ ရွေးချယ်စားသုံးခြင်းသည် အနာဂတ်တွင် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ကင်ဆာအချို့ကဲ့သို့သော နာတာရှည်ရောဂါများကို ကာကွယ်ရန် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောက်လိုပါက “အလွယ်ရသော အစားအစာ” ထက် “သဘာဝနှင့် နီးစပ်ပြီး အာဟာရပြည့်ဝသော အစားအစာ” ကို ဦးစားပေးရွေးချယ်သင့်ကြောင်း မှတ်သားထားသင့်ပါသည်။
မန္တလာ ဆရာမျိုး
ဆောင်းပါးရှင် မန္တလာ ဆရာမျိုးဟာ ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင်၊ ဆေးတက္ကသိုလ်(မန္တလေး) ဖြစ်ပါတယ်
