ဆူးငှက်
၁၉၈၈ခု၊ ဒီဇင်ဘာ ၁၃ ရက်
—————————–
ကျွန်တော်တို့ မုန့်ဟင်းခါး မှာသောက်နေစဉ်မှာပဲ စက်မှုတက္ကသိုလ် တက်ဆဲ တူတော်မောငက် အနားရောက်လာသည်။ ခင်သော်ဇင်က က အောင်မိုးဝင်းလာလေ၊ မုန့်ဟင်းခါးမှာလိုက်မယ်လေ ဟု ဆိုတော့ သူက ခေါင်းရမ်းပြီး “လေးဆန်း.. ဖိုးဖိုး ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဈေးသွားမလို့ ပြင်ရင်း အိပ်ရာထဲမှာ လဲသွားလို့၊ အမေကြီးက နှိပ်ပေးနေတယ်၊ သတိလစ်သွားတာလားမသိဘူး၊” ဟု ပြောသည်။ ကျွန်တော်လည်း မုန့်ဟင်းခါးပန်းကန်ကို ထားခဲ့ပြီး အိမ်သို့ ပြန် လိုက်သည်။ နောက်က ခင်သော်ဇင်လည်း ဗိုက်ကြီး တကားကားနှင့် ပြန်လိုက်လာသည်။
အိမ်ရောက်တော့ အခန်းထဲမှာ အဘက ပက်လက်၊ အမေက အဘ ဇက်ကို အသာနှိပ်နေ၏။ အဘ၏ ပါးစောင်တစ်ဖက်က သွားရေကျနေလို့ တဘက်နှင့် သုတ်လိုက်ပြီး ကျွန်တော်က အဘ အဘ ဟု ခေါ်တော့ သတိမရ။ အမေက အခန်းထဲက အသံကြားလို့ ဝင်ကြည့်လိုက်တော့ လဲနေပြီ။ ဒါနဲ့ အောင်မိုးဝင်း လှမ်းခေါ်လိုက်ရတာ ဟု ပြောသည်။ ကျွန်တော်တို့လည်း အိမ်ရှေ့ ဆိုက်ကားဂိတ်က ဆိုက်ကားတစ်စီးခေါ်ပြီး အဘကို ပွေ့တင်ကာ ဆေးရုံသို့ ပြေးရ၏။ အမေနှင့် ခင်သော်ဇင်က အိမ်မှာ ကျန်ရစ်သည်။ ခဏနေမှ ဆေးရုံ အိုပီဒီမှာ ကျန်သည့် တူတော်မောင် ၂ယောက် လိုက်လာ၏။
အဘကား သတိမရသေး
—————————–
အဘ နှင့် ဆေးရုံကြီး ခွဲစိတ်ရုံ ၂က ကံစပ်သည်။ အခုလည်း ခွဲစိပ်ရုံ ၂သို့ တင်ရသည်။ သတိကတော့ မရသေး။ ဆေးရုံမှာ တာဝန်ကျ ဆရာဆရာမများက လိုအပ်သည်များစစ်ဆေးသည်။ လိုအပ်သည့်ဆေးများ ဆင်း ဝယ်ပြီးသည်နှင့် ပုလင်းချိတ်သည်။ ဦးနှောက်သွေးကြော ပြတ်သလား ပေါက်သလား။ သည်လိုနှင့် ဆရာဝန်ကြီးလည်း လာစစ်၏။ ညနေစောင်းတော့ ဆရာဝန်၂ယောက် ထပ်ရောက်လာပြီး အဘ ခြေဖဝါးကို ဘောပင်လေးနှင့် တို့ကြည့်သည်။ အဘက မလှုပ်၊ အသက် ကတော့ရှူဆဲ။ ဆရာမများကို ဆေးမှတ်တမ်းယူခိုင်းပြီး ထပ်ညွှန်ကြားနေသည်။
ညနေမှာ အိမ်က ခင်သော်ဇင်နှင့် အစ်မများ တူမများ လိုက်လာကြသည်။ ထိုစဉ်က ရန်ကုန်က အလည်ရောက်နေသည့် တူမကြီးတို့ ဇနီးမောင်နှံလည်း ရောက်နေလို့ ဆေးရုံထိ လိုက်လာကြသည်။ မန္တလေးရှိ အစ်မ၂ယောက်စလုံးလည်း လိုက်လာကြသည်။ မုံရွာက အစ်မ ၂ယောက်ထံလည်း အကြောင်းကြားထားသတဲ့။ အဘက သတိတော့မရသေး၊ ဒါပေမယ့် လွန့်သည်။ ညဂျူတီ ဆရာလေးများကတော့ မကြာမကြာလာကြည့်ကြသည်။
ကျွန်တော်က အစ်မတွေရော တူမတွေရော ခင်သော်ဇင်ရော မမှောင်ခင် ပြန်ခိုင်းရသည်။ မာရှယ်လော ညမထွက်ရအမိန့်က ရှိသေးသည်။ ည ဂနာရီလောက်ရောက်တော့ အတူကျန်ရစ်သည့် တူမအမျိုးသားနှင့် တူတစ်ယောက်က ဆိုင်တွေမပိတ်မီ လက်ဖက်ရည်ဆင်းသောက်ကြသည်။ ကျွန်တော်က အဘခုတင်ခြေရင်းက မတ်တပ်ရပ်ရင်း စောင့်နေသည်။ အဘထံက ငြီးသံလိုလိုကြားရ၏။ ဆေးရုံပေါ်က အစောင့်အချို့ပဲ ရှိတော့သည်။ အနားခုတင်က လူနာ၏ အစောင့် အဖွားကြီးတစ်ယောက်က ထလာပြီး အဘ ကိုလာကြည့်သည်။ ဆေးရုံအခန်းရှေ့ ဝရံတာမှာတော့ လူနာစောင့်လေလား ဧည့်သည်လား လူ၂ယောက်ကလည်း လှမ်းကြည့်နေသည်။
လူနာကို အိမ်ပြန်ခေါ်ပါလား
——————————-
လူနာစောင့် အဖွားကြီးက ကျွန်တော့ကို လူလေးက သားလားဟု မေးတော့ ကျွန်တော်က ဟုတ်ပါတယ် ဒီခုတင်ပေါ်က လူနာ ရဲ့ သားပါဟု ပြောလိုက်သည်။ သူက လူနာအသက် ဘယ်လောက်ရှိပြီလဲဟု မေးလို့ ကျွန်တော်က ၇၆နှစ်ပါဟုဖြေလိုက်သည်။ သူက မင်းတို့က ဒီမြို့ပေါ်က မဟုတ်လား၊ အခု အချိန်ရှိတုန်း မင့်အဖေကို အိမ်ပြန် ခေါ်သွားပါ့လား၊ လူနာက အခြေအနေမကောင်းတော့ဘူး၊ ကြို့ထိုးနေတာလေ ဟု ပြောမှ ကျွန်တော်လည်း ပျာယာခတ်သွားသည်။ ဟုတ်သည် အဘက ပက်လက်အနေအထားမှာ မေးကိုရှေ့ပစ်ပြီး ကြို့ထိုးနေတာ အခုမှ သတိထားမိသည်။ အဖွားကြီးက သွားပြောလိုက်ပုံရ၏။ ဆရာမတွေလည်း ရောက်လာသည်။ ကျွန်တော်က ဆရာမတွေကို လူနာအိမ်ပြန်ခေါ်တော့မည်ဟု ပြောလိုက်သည်။ ဆရာမတွေက ညဂျူတီ ဆရာကိုခေါ်သည်။ ဆရာက ခွင့်ပြုသည်။ ထိုစဉ် ဝရံတာမှာ စောစောကတည်းက လှမ်းကြည့်နေသူ ၂ယောက်လည်း အနားရောက်လာ၏။ အောက်သို့ဆင်း၍ လက်ဖက်ရည်သောက်သော တူတော်မောင် ၂ယောက်လည်း အပြေးအလွှားတက်လာ၏။
အိမ်ပြန်ခေါ်မှာဆိုတော့ သူတိုက အောက်ဆင်းကာ ကားရှာမည်ပြောသည်။ ထိုအခါ စောစောက စောင့်ကြည့်နေသူက သူတို့မှာ ကားရှိပါတယ် အောက်မှာ အဆင်သင့်ပါ၊ လူနာကို ဘယ်ပို့ပေးရမလဲဟု မေးသည်။ ကျွန်တော်က မဝေးပါ ဆေးရုံနောက်ကျော ၇၆လမ်းအတိုင်း မြောက်ဘက် ၂ပြပါပဲ။ ၇၆နဲ့ ၂၇ထောင့်နားတင်ပါဟု ပြောတော့ ၃၀၀ တော့ပေးပါတဲ့။ သည်တော့မှ သူတို့က အဘကို ပွေ့ချီပြီး အောက်ချသည်။ တူ၂ယောက်က စောင်ခေါင်းအုံးအဝတ်အစားနှင့် ပစ္စည်းတွေသိမ်းပြီး အမြန်လိုက်သည်။ ကျွန်တော်က အဘခေါ်ပြီး ကားနဲ့သွားနှင့်ကြပါ၊ ဆေးရုံဆင်းလက်မှတ်စောင့်ပြီး ကျွန်တော် နောက်က လိုက်ခဲ့မယ်ဟု ပြောလိုက်သည်။ ဆေးရုံဆင်းလက်မှတ်ရတော့ ကျန်သည့်ဆေးတွေ ဆေးရုံသို့ပဲ လှူခဲ့ပြီး ကျွန်တော်က ရင်ခွဲရုံအပေါက် ဖြတ်လမ်းကနေ အိမ်သို့ အသော့နှင်ရသည်။ အိမ်ရောက်တော့ အဘ အသက်မရှိတော့။
ရပ်ကွက်က ညကြီးမင်းကြီးမှာပင် ကူကြသည်
—————————————————
ညမထွက်ရ အချိန်ကလည်း ရောက်ရုံမက ကျော်နေပြီ။ မတတ်နိုင်၊ အိမ်နှင့် အနီးဆုံးရှိ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) အိမ်သို့ ပြေးပြီး အကျိုးအကြောင်းပြောတော့ ဆရာက ချက်ချင်း တံခါးဖွင့်ကာ လိုက်လာသည်။ ထို့နောက်သူကိုယ်တိုင် ရပ်ကွက်လူကြီးကို အကြောင်းကြားအသိပေး၏။ ရပ်ကွက်လူကြီးကလည်း လျှပ်စစ်ရုံးအနီးမှာရှိသည့် လုံခြုံရေးအဖွဲ့ထံ နာရေးဖြစ်ပေါ်လို့ လမ်းပေါ် အသွားအလာပြုခွင့်ပေးရန် တောင်းခံပေးသည်။
သည်တော့ ဆရာစိုးနိုင်က ကျွန်တော့်ကို ခေါ်ပြီး ဆုတောင်းပြည့်ဘုရား ဝင်းထဲသွားကာ ဆရာတော်ထံ လျှောက်ပြီး နာရေးခုတင် နှင့် အပြင်အဆင် ဇာစများ ရွှေငွေရောင်စုံ ကြယ်ပွင့် ပန်းပွင့်များကို ဘုရားစတိုခန်းက သော့ဖွင့် ထုတ်ယူကြသည်။ အတူပါလာသည့် တူတော်မောင်များက ပစ္စည်းတွေကို အိမ်သို့ သယ်သွားကြ၏။ ကျွန်တော့်ကို ဆရာတော်က ကြေးစည်လည်း ယူသွားဦးဟု မိန့်လို့ ကြေးစည်နှင့် တင်းပုတ်ထမ်းကာ အိမ်ပြန်ရသည်။ ရပ်ကွက်လူကြီးက ခေါ်ထားလို့ ရပ်ကွက်ထဲက နာရေးအကျိုးဆောင်သူများလည်း ရောက်လာကာ အဘ ရုပ်ကလာပ်ကို ပြင်ဆင်ပေးကြသည်။ သည်လိုနှင့် ထိုည မိုးလင်းတော့၏ မအိပ်လိုက်ရ။ မနက်လင်းတော့ မုံရွာသို့ အခြေအနေကို ထပ်မံ အကြောင်းကြားတော့ မမခင်ရီတို့အိမ်က ကားနှင့် မမခင်ဝင်းလည်း လိုက်လာပြီတဲ့။ သူတို့ မန္တလေးသို့ မနက်၈နာရီလောက် ရောက်လာကြပါပြီ။ ကိုမောင်ဝင်းလည်းပါလာသည်။
နောက်ရက်မှာပဲ အဘကို သင်္ဂြိုဟ်မည်
—————————————–
အစ်မတွေ ရောက်လာတော့ နာရေးကိစ္စတိုင်ပင်ကာ နောက်ရက် မွန်းတည့် ၁၂နာရီမှာ ကိစ္စပြီးဖို့ ဆုံးဖြတ်လိုက်သည်။ ကိစ္စပြီးမည့် အချိန်ရတော့ ဖိတ်စာရိုက်၊ ဘုန်းကြီးပင့်စသည်တွေ ဆက်လက်လုပ်ကိုင်ရ၏။ နာရေးနှင့် ပတ်သက်သော သေစာရင်း၊ သဂြိႍုဟ်မိန့်၊ နိဗ္ဗာန်ယာဉ်နှင့် ပို့ဆောင်ယာဉ်ငှားရမ်းစသည့် အလုပ်များက ရပ်ကွက်က အားလုံးလုပ်ကိုင်ပေးသည်။ ထိုစဉ်က သရဏဂုံကို သုဿာန်မှ တင်ကြသောကြောင့် ပင့်သံဃာ ဘယ်နှပါးလဲမေးကာ ဘုန်းကြီးကားက အစ စီစဉ်ပေးသည်။ အမေက သူ့ခင်ပွန်းအတွက် မန္တလေးက သံဃာများသာမက ရွာကကျောင်း၃ကျောင်းအပြင် ဘုတလင်က ပေါက်ဆိန်ပေါက်က ဆိတ်လူးအိုင်က စသည်ဖြင့် မကျန်အောင် လှူချင်တော့ မမခင်ရီက အမေ့စိတ်ကြိုက်စီစဉ်ပေးသည်။ သည်လိုနှင့် အဘ၏ နောက်ဆုံး ခရီးကို မန္တလေးမြောက်ပြင် အိုးဘိုရပ်က ခံကုန်းသုဿာန် မှာ မီးသင်္ဂြိုဟ် ကာ ကိစ္စပြီးခဲ့သည်။
ခံကုန်းသုဿာန်က တရားနာ ဇရပ်ကြီးတွင် ကျွန်တော် က ရေစက်ခွက်ကိုင်ရင်း တည်တည်ငြိမ်ငြိမ်နှင့် အဘ အတွက် အမျှပေးဝေနိုင်ခဲ့ပါ၏။ ထိုနေ့က အိမ်ပြန်ရောက် ပစ္စည်းတွေ ရှင်းလင်းစရာရှိသည်များ ရှင်းလင်း၊ ဧည့်သည်တွေနှင့် စကားပြော၊ ဧည့်သည်တွေနှုတ်ဆက်၊ အမေလည်း အခန်းထဲဝင်ကာနား၊ အစ်မတွေလည်း အဘရက်လည်အတွက် ပြင်ဆင်ထားသည့် အဘလုံချည်နှင့် အင်္ကျီလွှမ်းထားသော သင်ဖြူးဖျာဘေးက ကွပ်ပျစ်ကြီးပေါ် တန်းကာ အိပ်ပျော်နေကြပြီ။ ပိတ်ထားသော စာအုပ်ဆိုင်ရှေ့ ခုံရှည်ပေါ်မှာတော့ တူတော်မောင် ၃ယောက်က စာအုပ်ကိုယ်စီနှင့် စာဖတ်နေကြသည်။ ကျွန်တော်လည်း စိတ်လျော့လိုက်ကာ အိမ်နောက်က ရေချိုးခန်းထဲဝင်ပြီး ဟီးချကာ ရှိုက်၍ရှိုက်၍ ငိုချလိုက်ရပါတော့သည်။
အဘ ကား မရှိတော့၊ ၇၆နှစ်အရွယ်တွင် ကျွန်တော်တို့ကို ထားခဲ့ပြီ။ သည်နေရာတွင် အဘက စိတ်ချလက်ချထားခဲ့ပြီဟု ကျွန်တော် မလိမ်ညာလိုပါ။ သူ မတတ်သာလို့ ထားခဲ့ရသည်။ ကလေး၂ယောက် ရလုနီးပါးအထိ နေစရာ အပိုင်မရှိဘဲ မတည်မငြိမ်ဖြစ်ကာ ရုန်းကန်နေရသည့် သူ့သား ကျွန်တော့်ကို ဘယ်လိုမှ စိတ်ချမှာ မဟုတ်၊ ဘာစကားမှ မဟဘဲ နောက်ဆံတငင်ငင်ဖြစ်နေမှာသေချာသည်။ သည်လို စိတ်မချရသေးဘဲ သူ သွားချင်မှာမဟုတ်။ ကျွန်တော် ထိုအရာများ မတွေးကောင်းသော်လည်း တွေးရင်း ရှိုက်ကြီးတငင် တော်တော်ကြာကြာ ငိုမိနေသည်။ ပြိုလဲလုလုလေ။ မည်သို့ဆိုစေ၊ အဘနှင့် တစ်ရေးနိုး နှိုးစက်ပေးပြီး ဇာတ်ပွဲ စခန်းချ မကြည့်ရတော့ချေပြီ။ ကျွန်တော် ထပ်မံ ငိုလိုက်ရပါ၏။
ဆူးငှက်
