မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

ဇူလိုင် ၂၃ – ၂၀၂၆
SN (VOM)
မကွေးတိုင်းအတွင်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ် ဒေသတွေမှာ အစိုးရတတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကတည်းက ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) ကနေ အင်အားအများအပြားနဲ့ ထွက်ခွာလာတာဖြစ်ပြီး အခု ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ကာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကနေ မြိုင်နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။
“စစ်ကြောင်းလာတဲ့ လမ်းတလျှောက်မှာ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တာတွေလည်း ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ ပေါက်ဒေသဘက်ရော၊ မြိုင်ဘက်မှာပါ ထိခိုက်၊ သေဆုံးတဲ့သူတွေလည်း တဖြည်းဖြည်း များလာသလို၊ ဒီ မြိုင်နယ်ဘက်မှာဆို အိမ်ခြေ ၁၀၀ ကျော်လောက် ပျက်စီးသွားတာလည်း ရှိတယ်။ ပေါက်နယ်ဘက်မှာဆို အိမ်ခြေ ၅၀ ကျော်လောက် ပျက်စီးသွားပြီ” လို့ ကူညီပေးနေသူက ပြောပါတယ်။
မြိုင်မြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ မနေ့ ဇူလိုင် ၂၂ ရက်၊ နေ့လယ်ပိုင်းက သင်းမကျေးရွာကို ဝင်ရောက်ခဲ့တဲ့အပြင် သင်းမကျေးရွာလမ်းခွဲကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အဲဒီနေ့ မနက်ပိုင်းမှာလည်း သင်းမကျေးရွာအနီးက ဝက်ဖိုးကျေးရွာမှာ ‌လက်နက်ကြီးကျရောက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
“စစ်ကြောင်းက ဒီနေ့ မနက်ပိုင်းအထိ သင်းမကျေးရွာမှာ ရှိနေတုန်း။ အဲဒီရွာ အနီးတဝိုက်မှာ ဒီမနက် ဒရုန်းတိုက်ခိုက်မှုတွေလည်း ဖြစ်နေတယ်။ ထိခိုက်၊ ပျက်စီးမှုအခြေအ‌နေကတော့ စစ်ကြောင်း ရှိနေသေးတဲ့အတွက် အတည်ပြုလို့ မရသေးဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သင်းမကျေးရွာ အပါအဝင် ကန်နက်၊ လက်ခုပ်ပင်၊ ကိုင်းတောမ၊ ညောင်ကုန်း၊ ထန်းငယ်တော၊ သံချောင်း၊ ကိုင်းရိုး၊ ဘောတုံ၊ မကြီးစု၊ ဘောင့်ဘင် အစရှိတဲ့ ကျေးရွာတွေက နေအိမ်အများအပြား ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုလို ကျေးရွာတွေအတွင်း စစ်ကြောင်းဝင်ရောက်မှုနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ ဘေးကင်းရာကို မဖြစ်မနေ ဦးစားပေး တိမ်းရှောင်ကြဖို့နဲ့ စစ်ကြောင်း ထွက်ခွာပြီးနောက် ကျေးရွာတွေအတွင်း ကျန်ရှိနေခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေကို လုံးဝ ကိုင်တွယ်ခြင်း မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေးထားပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်းက ဂန့်ဂေါမြို့နယ်မှာလည်း ဒေသအနီး စစ်ကြောင်း ချဉ်းကပ်လာနေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကြောင်း ဝင်ရောက်လာနိုင်ခြေ ရှိနေတဲ့ လမ်းကြောင်းတလျှောက်က ကျေးရွာတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ လက်နက်ကြီးအန္တရာယ်နဲ့ ရုတ်တရက် ပိတ်မိတာမျိုး မဖြစ်စေဖို့အတွက်လည်း စစ်ကြောင်းနဲ့ အနည်းဆုံး ၃ မိုင်အကွာကို ရှောင်ရှားကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေး နှိုးဆော်ထားပါတယ်။
ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ မလိုအပ်ဘဲ ခရီးသွားတာတွေမျိုးတွေကိုလည်း မပြုလုပ်ကြဖို့ လိုသလို စစ်ရေးအရ အရေးပါတဲ့ နေရာတွေ၊ အစိုးရတပ်စခန်းအနီး၊ ဂိတ်စခန်းတွေနဲ့ စစ်ကြောင်းလှုပ်ရှားရာ လမ်းကြောင်းတွေအနီး သွားလာ နေထိုင်ကြတာတွေကိုလည်း အထူးသတိထား ရှောင်ရှားကြဖို့ လက်နက်ကိုင် တပ်တွေက တိုက်တွန်းထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW