ဇူလိုင် ၂၃ ၊ ၂၀၂၆
GG (VOM)
မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေး – တမူးအာရှလမ်းမကြီးမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် လမ်းပိုင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာနေထိုင်သူအားလုံး လက်ရှိနေရာကနေ ရွှေ့ပြောင်းကြဖို့ NUG လက်အောက်ခံ တမူးမြို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က စာထုတ် အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။
ကလေး – တမူးလမ်းပိုင်းက ကျေးရွာနေထိုင်သူတွေအနေနဲ့ တခြားဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ခြင်းမရှိဘဲ ကျေးရွာတွင်းမှာပဲ ဆက်လက်နေထိုင်ပါက လိုအပ်သလို အရေးယူသွားမှာ ဖြစ်တယ်လို့ သတိပေး ထားတာ တွေ့ရပါတယ်။
ကျေးရွာရှိနေအိမ်တွေကနေ လူတိုင်းမဖြစ်မနေ ရွှေ့ပြောင်းပြီး ရှောင်ရမယ်ဆိုတဲ့အချက်က ဒေသခံတွေအတွက် အဆင်မပြေဘဲ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။
” စစ်ဖြစ်လို့ ပြေးပါတယ်ဆိုမှ ဘေးကင်းရာပဲ ပြေးမှာပေါ့။ ဘယ်သူက စစ်ဖြစ်တဲ့နေရာပြေးမှာလည်း ။ အခုသူတို့စာထုတ်တာက အမိန့်ပေးတာဖြစ်နေတယ်။ ရွာတွေကနေ ထွက်ကိုထွက်ရမယ် ။ရှောင်ရမယ်ပေါ့။ မရှောင်ပဲ မပြောင်းပဲ ကိုယ့်အိမ်ကို ဆက်နေရင် အရေးယူမယ် ဆိုတော့ အဆင်မပြေဘူး ။ အိမ်စောင့်က ရှိမှရမယ်။ အိမ်စောင့်မထားလို့ အိမ်ကပစ္စည်းတွေ အကုန်ခိုးသွားရင် သူတို့တာဝန်ယူမှာလား ။ အခုက ရှေ့ကနေ စစ်ရှောင် ၊ နောက်ကနေ ရှိတာ အကုန်ခိုးကြတော့ ဒေသခံတွေကလည်း ကြောက်နေကြတယ်။ သေရမှာလည်းကြောက် အိမ်ပြန်လို့ ဘာမှမရှိတော့မှာပါ ထပ်ကြောက်နေရတယ်။
အစိုးရတပ်က ကျေးရွာတရွာကို ထပ်မံ ထိန်းချုပ်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဆိုပါ ကလေး – တမူးလမ်းပိုင်းမှာ ကျေးရွာပေါင်း ၅၀ လောက်ရှိပြီး တိုက်ပွဲပြင်းထန် တဲ့အခြေအနေကြောင့် နဂိုကတည်းက ဒေသခံထောင်နဲ့ချီပြီး စစ်ရှောင်မှုရှိသလို တချို့ကျေးရွာတွေမှာတော့ စစ်မရှောင်ဘဲ နေသူတွေလည်း အများအပြားရှိနေဆဲ ဖြစ် တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရတပ်က ကလေး – တမူးအာရှလမ်းမကြီးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်း ၊ လက်နက်ကြီး ပစ်ခတ်မှုတွေပါရှိနေတဲ့အတွက် ကျေးရွာဒေသခံတွေ ဘေးကင်းရာကို ယာယီရွှေ့ပြောင်းနေထိုင်ဖို့ အသိပေးရခြင်းဖြစ်တယ်လို့ NUG လက်အောက်ခံ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီလိုထုတ်ပြန်တဲ့ ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းမှာပဲကလေး – တမူးလမ်းပေါ်က NUG လက်အောက်ခံ PDF ပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နယ်ထဲက ကမ္မကြီးကျေးရွာကို အစိုးရတပ်စစ်ကြောင်းက ဝင်ရောက်ခဲ့ပြီး နယ်မြေရှင်းလင်ရေးပြုလုပ်ကာ ထိန်းချုပ်မှုရှိခဲ့တယ်လို့ သိရပါတယ် ။
အစိုးရတပ်က ကလေး – တမူး အာရှလမ်းမကြီးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကလေးမြို့ ၊ တမူးမြို့ ၊ မော်လိုက်မြို့တွေကနေ စစ်ကြောင်းသုံးကြောင်း ခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်သလို လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပြီးပါ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတကြီး ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဥ်မှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့ပါတယ်။
အဲဒီနောက်မှာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ တမူး-ကလေး ကုန်သွယ်ရေးလမ်းကို ထိန်းချုပ်နိုင်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရတပ်စစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တမူး – ကလေးလမ်းပိုင်းပေါ်က အဓိကအရေးပါတဲ့ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်ထား နိုင်သလို လမ်းတလျှောက်ရှိ ကျေးရွာတွေကို ထပ်မံတိုက်ခိုက် သိမ်းပိုက်မှုရှိလာတာ ဖြစ်ကြောင်းသိရပါတယ်။
ကလေး – တမူးလမ်းအာရှလမ်းမကိုသာ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ပါက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်မှာဖြစ်တဲ့အပြင် ဒေသခံပြည်သူတွေအတွက်လည်း ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လမ်းပန်းဆက်သွယ်ရေး အားလုံး အဆင်ပြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
