ဇူလိုင် ၂၂ ၊ ၂၀၂၆
GG (VOM)
သက်တမ်းနှစ် ၂၀ ကား ဂယက်ကြောင့် လက်ရှိကားစျေးကွက်ထဲမှာ သက်တမ်းနှစ်၂၀ ကားတွေထဲကမှ အင်ဂျင်ပါဝါကြီးတဲ့ ကားတွေကို ကားဝယ်ရောင်းလုပ်ကိုင်သူတချို့က အဝယ်လိုက် တယ်လို့ သတင်းပျံ့နေပါတယ်။
မနေ့က ဇူလိုင် ၂၁ ရက်နေ့ကစပြီး ကားဝယ်ရောင်းလုပ်ကိုင်သူတချို့ဟာ နှစ် ၂၀ကျော် အင်ဂျင်ပါဝါအကြီးကားတွေကို ဝယ်ယူလိုကြောင်း လူမှုကွန်ယက်စာမျက်နာကနေ အသိပေးကြေငြာတာတွေရှိလာတာဖြစ်ပြီး အဲဒီနောက်မှာ နှစ် ၂၀ အင်ဂျင်ပါဝါကြီးကားတွေကို ရောင်းချလိုသူတွေ တော်တော်များများ ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကားစျေးကွက်အခြေအနေအရတော့ နှစ် ၂၀ သက်တမ်း အင်ဂျင်ပါဝါကြီးကားကို ဝယ်လိုသူရှိသလို ရောင်းလိုသူလည်းများပေမယ့် အရောင်းအဝယ်ဖြစ်တာကတော့ နည်းတယ်လို့ သိရပါတယ်။
ကားဝယ်ရောင်းလုပ်ကိုင်သူတယောက်က
“EV ကားတင်သွင်းပေးမယ်ဆိုတဲ့ သတင်းကြောင့် အရည်ကျိုကားတွေ လိုက်ဝယ်ကြတယ် ။ ဝယ်တယ်ဆိုတာလဲ ပြန်တင်သွင်းရောင်းချဖို့ဝယ်ကြတာပါ။ တချို့ကကျတော့ မဟုတ်တဲ့ ဟာတွေလျှောက်ဖွကြတယ် ။ ဂျပန်ကားပေးသွင်းမှာတို့ နှစ်၂၀ ကားတွေ ကျိုးကြေ ကုန်ပြီတို့ ။အရည်ကျိုကားအစုတ်တွေကတော့ စျေးတက်ကုန်တာပေါ့။ မောင်းလို့ရတဲ့ကားတွေက မအပ်လည်းရပါတယ်။ ဒါကို ကြောက်အောင်ခြောက်ပီး ဝယ်ကြတာရှိပါတယ်။ စျေးနှိမ်ဝယ်ချင်တဲ့သူတွေပေါ့။ အပ်ချင်လို့စိတ်ပါရင် မိမိစီးနေတဲ့ကားတောင်အပ်လို့ရတယ်လို့ပြောထားကတည်းက ဆီကားတွေထက် EV ကိုဦးစားပေးလာတာပါ။ ဆီကားနဲ့ EV ကိုချိန်းပစ်ချင်တဲ့သဘောပါ။ လောင်စာစီချွေတာချင်တဲ့သဘောပါ။ ခုစျေးကွက်မှာ လိုက်ဝယ်ကြတယ်ဆိုတာကလဲ တစ်ယောက်က ဝယ်ပီဆို အကုန် လိုက်ကျုံးကြတာပါ။ နောက်ထပ် ထွက်လာမယ့် procedure တွေ အများကြီးကျန်ပါသေးတယ် ။ EV တင်သွင်းခွင့်ပေးမယ့် ကုမ္မဏီတွေနဲ့ ကပ်ပီး ပေးသွင်းမလား personal ပေးဦးမလား ဆိုတာ ဘယ်သူမှ မသိရသေးပါဘူး ။ “လို့သုံးသပ် ပြောပါတယ်။
နှစ် ၂၀ သက်တမ်းရှိ အင်ဂျင်ပါဝါကြီးတဲ့ကားတွေကို အပ်ပါက EV တင်သွင်းမှုနဲ့ပတ်သက်ပြီး
သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်ကတော့ ခုချိန်ထိ နှစ် ၂၀ ကားတွေအပ်တာနဲ့ပတ်သက်လို့ အင်ဂျင်ပါဝါအကြီးအပ်ရင် အင်ဂျင်ပါဝါအကြီးကား ပြန်တင်သွင်းခွင့် နဲ့ အင်ဂျင်ပါဝါအသေး အပ်ရင် အင်ဂျင်ပါဝါအသေး ပြန်တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန် ပြောဆိုတာမျိုးမရှိသေးတာကြောင့် ရောင်းမှား ဝယ်မှား မဖြစ်ကြဖို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက အကြံပြုပြောဆိုမှုတွေ ရှိနေပါတယ်။
” နှစ် ၂၀ အပ်ကားတွေကိုအင်ဂျင်ပါဝါအလိုက်အင်ဂျင်ပါဝါ အကြီးကို အကြီး ပြန်ပေးသွင်းမယ်။အင်ဂျင်ပါဝါအသေးကို အသေး ပြန်ပေးသွင်းမယ်ဆိုတာမဟုတ်သလို ကြားလည်း မကြားပါဘူး။ မြန်မာပြည်မှာ ဂျပန်ညာမောင်းကားတွေ ပေးသွင်းဖို့က တော့၂၀၂၀ မော်တော်ယာဉ် ဥပဒေအရလုံးဝ မဖြစ်နိုင်သေးသလိုလက်ရှိအစိုးရ မူဝါဒနဲ့ မကိုက်ညီပါ ။ကားသွင်းချင်ရင် ရောက်ရှိခုနှစ်ကနေ ၃ နှစ်အောက် သွင်းခွင့်မပြုသေးပါ။နှစ် ၂၀ အပ်ကားတွေလည်း မဖြစ်မနေအပ်ရမယ်လို့လုပ်ဆောင်ဖို့ ခက်ခဲနေပါသေးတယ်။အစိုးရရဲ့ နိုင်ငံခြားငွေ ထိန်း ချုပ်ရေးမူဝါဒအရ နိုင်ငံခြားငွေတွေကိုကားအစီးရေ သိန်းချီအပ်ရင် ပေါက်ဈေးအတိုင်း ရောင်းပေးဖို့အဆင်မပြေသေးသလို တခြား အကြောင်းအရာတွေလည်းရှိနေသေးပါတယ် ။ မဟုတ်မမှန် သတင်းတွေနဲ့ရောင်းမှား ဝယ်မှားဖြစ်မှာစိုးလို့ပါ။ကားတင်သွင်းခွင့်နဲ့ ပတ်သက်လာရင်တရားဝင် သတင်းမထုတ်ပြန်မချင်းဘာသတင်းမှ ယုံကြည်လို့မရပါဘူး။မြန်မာပြည်ကားလောကမှာ အနည်းငယ်လောက်ကလွဲရင် အ သူခံ လည်သူ စားပဲလုပ်စားလာကြတာကြာပါပြီ ။” လို့ ကိုတိုး ( အွန်လိုင်းကားဝပ်ရှော့) က ပြောပါတယ်။
မနေ့က ဇူလိုင် ၂၁ ရက်မှာ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ EV ကားကိစ္စနဲ့ ပတ်သက်ပြီး EV တင်သွင်းတဲ့ကုမ္ပဏီတွေကို ခေါ်ယူပြီးတွေ့ဆုံကာ အစည်းအဝေးပြုလုပ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအထိ EV ကားတင်သွင်းသူတွေ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန လုပ်ငန်းကော်မတီတွေနဲ့ အသေးစိတ်မေးမြန်းဆွေးနွေးနေဆဲ ဖြစ်တာကြောင့် သတင်းအမှားတွေလွှင့်ပြီး ရောင်းမှားဝယ်မှားဖြစ်အောင်မလုပ်ဖို့ EV ကားတင်သွင်း./ တင်ပို့ကုမ္ပဏီတခုရဲ့ တာဝန်ရှိသူတယောက်က ပြောဆိုထားပါတယ်။
” နှစ်(၂၀)ကားက အပ်လည်းရတယ် မအပ်လည်း ရပါတယ် ။ အပ်ရင် Car type တူတာ (EV) ပြန်လည် လျောက်ထား တင်သွင်းလို့ရပါတယ် ။ ဥပမာ Sedan /Wagonလား Truck လား စဖြင့်ပါ။တိုက်/ကြေတော့ မရပါဘူး ။လက်ရှိ EV တင်သွင်းနေတဲ့ ကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး မိမိအပ်တဲ့ Brandအတိုင်း သို့မဟုတ် ထုတ်တဲ့ Region တူတာ လျောက်ထားနိုင်ပါတယ်{Europe/Japan/Asia။.ဈေးနှုန်း တန်ဖိုးကတော့ အကန့်အသတ်ရှိပါတယ်။ ဒါကတော့ ကိုယ်ချိတ်ဆက်မယ့် ကုမ္မဏီနဲ့ပဲ အသေးစိတ်မေးမြန်းပါ။စီးပွါးကူးသန်း ဝန်ကြီးဌာနက ကျွန်မတို့ EV တင်သွင်း/တင်ပို့ ကုမ္မတွေကို မနေ့ကစပြီး Meeting ခေါ်ပြီး အသေးစိတ်ရှင်းပြပြီးပါပြီ။ ဝန်ဆောင်မှု့ အမှန်တစ်ကယ်ပေးမယ့် ကုမ္မဏီတွေနဲ့ပဲ ချိတ်ဆက်ပြီး အသေးစိတ်ဆွေးနွေးကြပါ ကျွန်မတို့ ကားတင်သွင်းတဲ့သူတွေ ကိုယ်တိုင် သက်ဆိုင်ရာ ဝန်ကြီးဌာန လုပ်ငန်းကော်မတီတွေနဲ့ အသေးစိတ်မေးမြန်းဆွေးနွေးနေရတုန်းပါပဲ။ Social media မှာ information အပြည့်အစုံမပေးပဲ သတင်းကို တစ်စွန်းတစ်စရေးပြီး ခြောက်လှန့်နေတာတွေလည်း မယုံကြပါနဲ့။ ပြန်ဝယ်တာတွေ / ပြန်ရောင်းတာတွေ မဟုတ်မမှန် သတင်းဖြန့်ပြီး ကားစီးတဲ့သူတွေ နစ်နာအောင်လည်း မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ” လို့ ဆိုပါတယ်။
လက်ရှိ ယာဉ်အို၊ယာဉ်ဟောင်းအပ်နှံတဲ့ မူဝါဒက ယခင်ကျင့်သုံးဆဲမူဝါဒရှိရင်းစွဲ ဖြစ်လို့ မူဝါဒ၊အမိန့်စာ၊ကြေညာထပ်မံထွက်ရှိပေးဖို့မရှိကြောင်း ယာဉ်အိုဟောင်းအပ်နှံထားရှိပြီးတဲ့ အပ်နှံစလစ်ပုံစံ(ဃ)သည်လည်း မေလ ၂၈ နောက်ပိုင်းအပ်နှံရရှိထားတဲ့ စလစ်ကသာ ယခုတင်သွင်းခွင့်ပြုတဲ့ 𝐁𝐄𝐕 အစားထိုးယာဉ်စနစ်မှာ အကျုံးဝင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်ကလည်း ပြောပါတယ်။
” ယာဉ်အိုဟောင်းအပ်နှံရာမှာ အပ်နှံမယ့်ကားတွေဟာ 𝐑𝐮𝐧𝐧𝐢𝐧𝐠 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧 ကားဖြစ်ရပြီး ဘောင်ချက်လ်ဆီ ဖောက်စွပ်၊ဖြတ်ဆက်၊တိုက်ကြေယာဉ်တွေကိုတော့ ယခုအစားထိုးတင်သွင်းခွင့်ပြုမယ့် 𝐁𝐄𝐕 ယာဉ်အစီအစဉ်မှာ ခွင့်မပြုဘူး ။အရင် ဂျပန်နိုင်ငံကတင်သွားထားတဲ့ ကားတွေ အပ်နှံပါက 𝐀𝐬𝐢𝐚 𝐑𝐞𝐠𝐢𝐨𝐧 အဖြစ်သတ်မှတ်ပြီး ကိုးရီးယားနိုင်ငံ၊တရုတ်နိုင်ငံ အာရှနိုင်ငံထုတ် 𝐁𝐄𝐕 ယာဉ်တင်သွင်းခွင့်ရရှိမှာဖြစ်သလို ဥရောပ၊အမေရိကားနှင့်အနောက်နိုင်ငံထုတ်ကားတွေ အပ်နှံပါကလည်း အဆိုပါနိုင်ငံထုတ် 𝐁𝐄𝐕 ကားတင်သွင်းခွင့်ရရှိမှာ ဖြစ်တယ်။ အင်ဂျင်ပါဝါကြီး ကားတွေ အပါအဝင် နှစ် ၂၀ ပြည့်ကားနဲ့ မိမိ့ဆန္ဒအရအပ်နှံလိုတဲ့ နှစ် ၂၀ မပြည့်သေးတဲ့ ကညနမှတ်ပုံတင် ရရှိထားတဲ့မည်သည့် အင်ဂျင်ပါဝါကားမဆို အပ်နှံမယ့် အစီအစဉ်မှာ အကျုံးဝင်ခွင့်ပြုချက်ရရှိမှာ “ဖြစ်တယ်လို့ သူက ပြောပါတယ်။
လူပုဂ္ဂိုလ် တဦးခြင်း အပ်နှံပါက အပ်နှံစလစ်ဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနမှာ တင်သွင်းခွင့်တိုက်ရိုက်လျှောက်ယူတင်သွင်းခွင့် ခွင့်ပြုပြီး မည်သည့်တင်သွင်းခွင့်ပုံစံမဆို နိုင်ငံခြားငွေစီစစ်ခွင့်ပြုရေးကော်မတီ ( 𝐅𝐄𝐒𝐂 )ခွင့်ပြုချက်ရယူ ရမှာ ဖြစ်ပါတယ်။အပ်နှံကားအမျိုးအစားလိုက် လူစီးယာဉ်အပ်နှံပါက လူစီးယာဉ်ပြန်လည်ခွင့်ပြုပြီး ကုန်
တင်ယာဉ် / ဘတ်(စ်)ကားအပ်နှံပါက သက်ဆိုင်ရာအမျိုးအစားလိုက်သာပြန်လည်တင်သွင်းခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ် ။
ရန်ကုန်လိုင်စင် ဖြင့် အပ်နှံပါက ရန်ကုန်လိုင်စင် ရရှိပြီး နယ်လိုင်စင် အပ်နှံပြီး ရန်ကုန်လိုင်စင် ခွင့်မပြုကြောင်း ၊ ယခင် 𝐁𝐄𝐕 တင်သွင်းခွင့်ပြုထားတဲ့ အမြင့်ဆုံး 𝐂𝐈𝐅 တန်ဖိုးရဲ့ နှစ်ဆဝန်းကျင် ယခုအပ်နှံကားစလစ်ဖြင့် တင်သွင်းပါက တိုးမြှင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
ဦးဆောင်ကော်မတီမှခွင့်ပြုချက်ရရှိပြီးတဲ့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီအားလုံးဒီအစီအစဉ်မှာ မဖြစ်မနေလိုက်ပါ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပြီး ယခင်ယာဉ်အိုဟောင်းအပ်နှံခွင့်ပြုထားတဲ့ သက်တမ်း ၁၀ ပြည့်မြောက်ပြီး စက်မှုဇုန်ကားတွေ အတွက်တော့ သီးခြားသတ်မှတ်ချက်သဘောထား မသိရသေးဘူးလို့သူက ဆိုပါတယ်။
စက်သုံးဆီသုံးယာဉ်အို.ယာဉ်ဟောင်းအပ်နှံပြီး EV ကား တင်သွင်းတဲ့ စနစ်ပြုလုပ်သွားမယ့် အကြောင်းကို ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ စက်သုံးဆီများဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်တဲ့ ဓာတ်မြေဩဇာ လုံလောက်စွာရရှိရေးအစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သက်တမ်း ၂၀ နှစ်ရှိတဲ့ကား နဲ့ နှစ် ၂၀ မပြည့်သေးသော်လည်း မိမိဆန္ဒအရ အပ်နှံလိုပါက အပ်နှံနိုင်ပြီး EV အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမယ့်အကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလကုန်လောက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယာဥ်အိုယာဥ်ဟောင်း အပ်နှံပြီး EV တင်သွင်းခွင့်ပြုမယ့် အစီအစဥ် နဲ့ပတ်သက်လို့ လိုအပ်တဲ့ အသေးစိတ် အခြေအနေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး ။
