ဒီဇင်ဘာ ၁၀၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့တွေမှာ ဒီဇင်ဘာ ၂ ရက် နေ့ကနေ ၉ ရက်နေ့လက်နက်ကြီး ကျည်ထိမှန်ကာ ၉ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကွတ်ခိုင်မြို့မှာတော့ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်အတွင်း မြို့ထဲ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“၈ ရက်နေ့က ရပ်ကွက် ၂ က ၂ ယောက်ထိတယ်။ ရပ်ကွက် ၁ က နေအိမ် တစ်အိပ်ပေါ်လည်းကျတယ်။ မနေ့ညနေကျတော့ ဘဏ်နားနဲ့ ကြံ့ခိုင် ရေးရုံးနားကအိမ်မှာ၂ ယောက်ထိတယ်။ ဒဏ်ရာ ပြင်းထန်တယ် ပြောတယ်။” လို့ ဒေသခံ တဦးက ပြောပါတယ်။
ထိခိုက် ဒဏ်ရာ ပြင်းထန်တဲ့ သားအမိ ၂ ဦးထဲက ကလေးဖြစ်သူဟာ မနေ့ညက ဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်အထိ နမ့်ဖတ်ကာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲ ကျည်စ ထိမှန်ကာ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲ ကြီးကြီး မားမား ဖြစ်တာတော့ မရှိဘူး။ လက်နက်ကြီးပဲ။ ထိတဲ့သူများတယ်။ အိမ်ရှေ့မှာတောင် လာကျတယ်။ တော်သေးတယ် မကွဲလို့” လို့ ဒေသခံ အမျိုး သမီး ၁ ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာ နမ့်ဖတ်ကာ ဇီးတဘန်ကျေးရွာထဲ လက်နက်ကြီး ကျည် ကျကွဲလို့ အသက် ၁၆ နှစ်အရွယ် မောင်စောရဲလင်းက လက်မှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းထွန်းက ခေါင်းထိခိုက် ဒဏ်ရာရကာ သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ကလည်း နမ့်ဖတ်ကာ မန်မောဝ်ရွာနဲ့ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရပ်ကွက် ၆ တွေထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ အသက် ၃၇ နှစ်ရှိ ဦးဆိုင်းနော်က ဝမ်းဗိုက်၊ လက်ပြင် တွေမှာ၊ အသက် ၂ နှစ်ကျော်ရှိ မောင်ဆိုင်းစင် လက်၊ အသက် ၃၁ နှစ်အရွယ် ကိုမျိုးသန့်က ခြေထောက်၊ အသက် ၃၆ နှစ်အရွယ် မချောနုက လက်မောင်း၊ အသက် ၇၉ နှစ်အရွယ် ဒေါ်ယာရှို ကတော့ ခြေထောက်ကျိုး စသဖြင် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး အသက် ၁၀ နှစ် အရွယ်ရှိ ကလေး ၁ ဦးက သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက နမ့်ဖတ်ကာ ရပ်ကွက် ၃ မှာ လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲလို့ အသက် ၅၀ အရွယ် ဦးကျော်ခိုင်က ညာလက်မောင်း၊ ရင်ဘတ်၊ လည်ပင်းတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ဦးဝမ်ချုံကျင် က ညာဘက်လက် ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာလည်း မူဆယ် ၁၀၅ မိုင်က လူငယ် ၁ ဦးနဲ့ စယ်လန့်ရွာက ကျောင်းဆရာ ၁ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
“မူဆယ် ဆေးရုံလည်း လူနာပြည့်နေပြီ။ ရွှေလီဘက်လည်း နေ့တိုင်း နီးပါး ရောက်လာတယ်။ ခွဲစိတ်ရတဲ့ လူနာ များတယ်။ ဆရာဝန်တောင် မနားရဘူး။” လို့ ရွှေလီဘက်ရောက်လာတဲ့ လူနာတွေကို ကူညီပေးနေသူက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ကလည်း နမ့်ခမ်းမြို့ ကောင်းကတ်အုပ်စု၊ ဟိုနားရွာမှာ နေအိမ် တစ်အိမ်ပေါ် လက်နက်ကြီး ထိမှန် ပေါက်ကွဲလို့ မိသားစုဝင် ၅ ဦး သေဆုံးပြီး ၆ နှစ်အရွယ် ကလေး တဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ကလည်းနမ့်ခမ်းမြို့ ဟိုကတ်နဲ့ ပေါက်လုံ ရပ်ကွက်ဘက် ပြည်သူ ၂ ဦးသေဆုံး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် မြို့နယ်တွေမှာတော့ နေ့စဉ်နီးပါး နစကတပ်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ