ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်း အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာ

 

ဒီဇင်ဘာ ၁၇၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ကြောင့် လမ်းကြော အများစု ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“မူဆယ် နဲ့ မော်တောင်းကြား ပို ဈေးကြီးတယ်။ ဆိုင်ကယ်နဲ့ မော်တောင်း အထိ နှစ် သိန်း လို့ပြောတယ်။ ကွတ်ခိုင်ထိ သုံးသိန်းခွဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တောင်ပေါ်လမ်းကနေ ကားလမ်းပေါက်တဲ့အထိ ဆိုင်ကယ် နဲ့ သွားရတာတွေ ရှိပြီး မိုးရွာရင် လမ်းဆိုးတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ခရီးသည် တယောက်ကားခ ၂၀၀၀၀ နဲ့ ၂၅၀၀၀ ကြား သာရှိတဲ့ နမ့်ဖတ်ကာ နဲ့ မူဆယ် ကားခလည်း တယောက်ကို နှစ်သိန်းခွဲ အထိ ဈေးပေါက်နေတယ်လို့ နမ့်ဖတ်ကာ ကနေ မူဆယ်ဘက် တိုက်ပွဲ ရှောင်လာသူက ပြောပါတယ်။

မူဆယ် နဲ့ မုံးကိုး ကြားလည်း ကားခ ပုံမှန် ယွမ် ၁၀၀ ကနေ လက်ရှိ ယွမ် ၂၀ နဲ့ အထက်တက်သွားကြောင်း ကားသမား တယောက်က ပြောပါတယ်။

“တလောက အဆင်း အတက် ကျနော်တောင်သွားတယ်။ လမ်းစရိတ်က တစ်ယောက်ကို ယွမ် ၂၀၀ ဟုတ်တယ်။ တချို့က အဲထက် များတယ်။ အခုလောလောဆယ်တော့ အတင်း အတက် မရှိဘူး။ ” လို့ သူက ရှင်းပြပါတယ်။

ပုံးမှန် ကားခ လူနှစ်ယောက်ကို ၁၅၀၀၀ ခွဲ သာရှိတဲ့ မုံးပေါ် – မူဆယ် ကားခလည်း လက်ရှိမှာတော့ ၆ သောင်း နဲ့ အထက် ဈေး ပေါက်နေပါတယ်။

မူဆယ်နဲ့ လားရှိုးလည်း လူ တယောက်ကို ကားခ နှစ်သိန်းခွဲ နဲ့ သုံးသိန်းကြား၊ မူဆယ် – ပြင်ဦးလွင်၊ မူဆယ် – မန္တလေး လည်း လူ တယောက်ကို ကားခ နှစ်သိန်းခွဲ၊ သုံးသိန်း အထက် ရှိကာ လမ်းမှာလည်း သုံးရက်ကနေ တပတ် ကျော် အထိ ကြန့်ကြာ ကြောင်း ခရီးသွားခဲ့ သူတွေ ဆိက သိရပါတယ်။

ဒါ့အပြင် မူဆယ် ကနေ မန္တလေးကို ကုန်ပစ္စည်း ပို့ပါက ပုံမှန် အားဖြင့် ကားခ 1 Kg ကို ၇၀၀/၈၀၀ ကျပ် ရှိရာက လက်ရှိမှာတော့ 1 Kg ကို ၅၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ် အထိ ရှိကြောင်း မူဆယ်က အွန်လိုင်း ဈေးရောင်းသူက ပြောပါတယ်။

မူဆယ်မြို့ကို အဓိက အားထားပြီး စားသောက်ကုန်၊ စက်သုံးဆီတွေ ဝယ်ယူသုံးစွဲနေကြရတဲ့ မူဆယ်ခရိုင်အတွင်းက မြို့၊ ရွာ အများစုမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းတွေပိတ်ထားပြီး စားသောက်ကုန်၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး ပစ္စည်း တွေနဲ့ စက်သုံးဆီတွေပါ ပြတ်လပ်နေတာကြောင့် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“MNDAA ဘက်ကလည်း ဝင်လိုက် ထွက်လိုက် ခွင့်မပြုဘူး။ သွားရင် ပြန်မလာနဲ့လို့ ပြောတယ်။ ဝင်လာရင်လည်း ပြန်မထွက်နဲ့ လို့ ပြောတယ်။ တော်ဝော်ခက်တယ်” လို့ ပန်ဆိုင်း ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လက်ရှိမှာတော့ မူဆယ် – လားရှိုး – မန္တလေး အဓိက လမ်းကြောဖြစ်တဲ့ မူဆယ် နဲ့ နမ့်ခမ်းကြားကို ယမန်နေ့ နေ့ခင်းပိုင်းကစ မူဆယ် ကနေ နမ့်ခမ်း အဆင်း ဆိုင်းခေါင်ရွာနားမှာ စစ်တပ်က လမ်းပိတ်ထားပြီး နမ့်ခမ်းကနေ မူဆယ်အတက် စယ်လန့်အနီးက သင်္ချိုင်းကုန်း နားမှာတော့ TNLA ဘက်က လမ်းပိတ်ထားကာ နှစ်ဖက်က လမ်းမ တွေပေါ် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ခရီးသည်တွေပါ တဲ့ ကားရာချီ ပိတ်မိနေခဲ့ပါတယ်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ခရီးသွား လမ်းကြောင်းတွေနဲ့ အနီးနားဝန်းကျင်တွေမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ပူးပေါင်းအဖွဲ့ တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ခရီးသွားလာခွင့်ကို နှစ်ဖက် စစ်ရေး အခြေအနေအရ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေပါတယ်။

Photo: Google

Related posts

Leave a Comment

VOM News

FREE
VIEW