ဒီဇင်ဘာ ၁၉ – ၂၀၂၃
SN (VOM)
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ မဒရ်ဆာနူရ်ရွန်အစ္စလာမ် အမည်ရ ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်ယောက်ဟာ လက်ရှိအချိန်အထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး အဲ့ဒီ့နှစ်ယောက်ထဲက တယောက်ကတော့ ပြည်ပနိုင်ငံအထိ ရောက်ရှိနေကာ အဲ့ဒီ့ကတဆင့် နောက်ထပ် နိုင်ငံတနိုင်ငံကို ထပ်ပြေးဖို့ ကြိုးစားနေတယ်လို့ အဲ့ဒီ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ထိုင်းကိုရောက်နေတဲ့ မူဆာက ပါကစ္စတန်ဗီဇာ မနေ့ကပဲ ရသွားပြီ။ လက်ရှိသူ ထိုင်းမှာရှိနေတယ်။ ထိုင်းကနေတဆင့် ပါကစ္စတန်သွားမယ်။ သံရုံးကိုအကြောင်းကြားတော့ ဗီဇာထုတ်ပေးပြီးမှ သူတို့သိတယ်။ လက်ရှိ ပြည်၀င်ခွင့်မရအောင် အကြောင်းကြားထားတယ်။ ပြည်၀င်ခွင့်မရရင် ဘာလုပ်မလဲတော့မသိဘူး။ လာဘ်ထိုးပြီး၀င်ရင်တော့ ဒုက္ခပဲ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအတွက် အမှုဖွင့်ခံထားရတဲ့ ကျောင်းဆရာနှစ်ဦးကတော့ မော်လဝီမူဆာ (Molvi Moosa) နဲ့ မော်လဝီအဗ္ဗဒူလ်ရာရှစ် (Molvi Abdur Rashid) တို့ ဖြစ်တယ်လို့ သိရပါတယ်။
မော်လဝီမူဆာဆိုသူမှာ အဲ့ဒီ့ကျောင်းရဲ့ ကျောင်းအုပ်တာဝန်ယူထားသူဖြစ်ပြီး လုပ်သက် နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်နေပြီဖြစ်ကာ မော်လဝီအဗ္ဗဒူလ်ရာရှစ်ကတော့ လုပ်သက် ငါးနှစ်နီးပါး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
သူတို့ နှစ်ယောက်ကို ပန်းဘဲတန်းရဲစခန်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က (ပ) ၁၃၀/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ ၃၇၇/၅၁၁ နဲ့ နစ်နာသူ ကျောင်းသားမိဘတွေက သက်သေဖြစ်တဲ့ ဗီဒီယိုဖိုင်နဲ့အတူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အခုဖွင့်ထားတဲ့ ပုဒ်မဟာ ယောက်ျားနဲ့ဖြစ်စေ၊ မိန်းမနဲ့ ဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကိုပြုရင် အဲ့ဒီ့လူကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစ်နာသူ ကျောင်းသားမိဘတယောက်က “မူဆာကတော့ ကျွန်တော်တို့ရဲ့ သတင်းထောက်လှမ်းမှုအရရော၊ လေယာဉ်လတ်မှတ်အရရော ဘန်ကောက်ရောက်နေတယ်လို့ သိရတယ်။ နောက်တယောက်သတင်းကတော့ အစအနပျောက်နေတယ်။ လုံးဝ စုံစမ်းလို့မရဘူးဖြစ်နေတယ်။ မူဆာကတော့ အသိုင်းအဝိုင်းကြီး၊ လူသိများတော့ စုံစမ်းရ လွယ်ကူတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်နဲ့ပတ်သက်လို့ ဥပဒေအရ အပြစ်ပေးရေးကဏ္ဍအထိ သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။
အခုလို ကလေးသူငယ် လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်းဟာ ဘာသာရေးကိစ္စလည်းမဟုတ်သလို၊ လူမျိုးရေးကိစ္စလည်း မဟုတ်ဘဲ လူ့ကျင့်ဝတ် ဖောက်ဖျက်ခြင်းသာဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ရော၊ လူ့ပတ်ဝန်းကျင်မှာရော ဘယ်လိုမှ လက်မခံနိုင်စရာကိစ္စဖြစ်တယ်လို့ အဲ့ဒီ့ နစ်နာသူ ကျောင်းသားမိဘက ပြောပါတယ်။
“ဒီကျောင်းရဲ့ ဂေါပကတွေသည် ဒီဖြစ်စဉ်မှာ သူတို့လိပ်ပြာသူတို့ လုံတယ်ဆိုရင် သူတို့ဒါကို လုံးဝ မသိခဲ့ရပါဘူးဆိုရင်၊ ဒါကို သက်သေပြချင်ရင် ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင်နဲ့ အားတက်သရော သူတို့သိထားတဲ့ အချက်အလက်တွေကို အားလုံးနဲ့ပူးပေါင်းပြီး ထုတ်ဖော်ရမယ်။ နောက် ဒီဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ သူတို့သည် ဒီ ရာဇဝတ်မှု ကျူးလွန်တဲ့သူနှစ်ယောက်ကို ဘယ်လိုဖြစ်လို့ ခံဝန်လက်မှတ်လေးထိုးခိုင်းပြီး လွယ်လွယ်ကူကူနဲ့ သွားခိုင်းလိုက်တာလဲ။ ဒါကို စဉ်းစားမရအောင် ဖြစ်နေတယ်။ ကော်မတီဘက်ကပဲ ဒါကို သိသိကြီးနဲ့ လျစ်လျူရှုထားတာလားဆိုတာကို သံသယဖြစ်မိတယ်။ တပ်အပ်စွပ်စွဲတာတော့ မဟုတ်ဘူး။ ဖြစ်စဉ်တွေကိုကြည့်ပြီးတော့ သံသယဖြစ်မိတယ်” လို့ သူက ပြောပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့တဲ့ ဆရာနှစ်ယောက်ကို အဲ့ဒီ့ကျောင်းရဲ့ ဂေါပကအဖွဲ့က သက်ဆိုင်ရာကို တိုင်တန်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်ဘဲ ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းကာ ကျောင်းကနေထုတ်ပယ်ခဲ့တာလောက်သာ ပြုလုပ်ခဲ့တာကြောင့် အဲ့ဒီဘာသာရေးအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အဲ့ဒီကျောင်း ဂေါပကအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်နိုင်က “ဒီအကြောင်းကို ကျွန်တော်တို့ ဘယ်အချိန်မှာ စသိခဲ့တာလဲဆိုတော့ ဒီလ ၈ ရက်နေ့က ကျွန်တော့်ကို (—) ဆိုင်က ဖုန်းဆက်ပြီး လှမ်းခေါ်ပါတယ်။ ကျွန်တော်ရောက်သွားတော့ ဗီဒီယိုပြပါတယ်။ ဗီဒီယိုတော့ သူတို့မပေးဘူးပေါ့၊ ပြပဲပြတာပါ။ ဗီဒီယိုကိုကြည့်လိုက်တော့ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်နေတယ်။ အဲ့တော့ ဒီ ဗီဒီယိုပေးပါ၊ ကျွန်တော်တရားစွဲပေးမယ်ဆိုတော့ ဆိုင်ပိုင်ရှင်က သူက အဲ့ဒါတော့ပေးလို့မရဘူး။ ကျောင်းသားမိဘတွေရဲ့ သိက္ခာပိုင်းရှိတယ်ဆိုတော့ ကောင်းပြီဆိုပြီး ကျွန်တော်က အဲ့ဒီ့ ဆရာနှစ်ယောက်ကိုခေါ်မေးတော့ ပထမတော့ ငြင်းတာပေါ့။ ရဲခေါ်မယ် ဘာညာနဲ့ မျိုးစုံ လှည့်ပတ်မေးတော့ လုပ်သလိုလို၊ မလုပ်သလိုလိုနဲ့ ထားလိုက်တော့ ကျွန်တော်ကတော့ မရဘူး။ ကျောင်းသားမိဘတွေလည်းမလာတော့ (—) ဆိုင်ကလူတွေရယ်၊ တချို့ ကျောင်းသားမိဘတွေရယ်ခေါ်ပြီး သူတို့ကို ခံဝန်လုပ်ခိုင်းတယ်၊ လုပ်သင့်တာလုပ်တယ်။ ပြီးတော့ ရဲစခန်းမှာအမှုဖွင့်ဖို့အတွက် ကြိုးစားတော့ ကာယကံရှင်ပါမှ ရတယ်တဲ့။ ဘယ်လောက်ပဲ သူခံဝန်လုပ်လုပ်၊ တရားရုံးမှာ သူငြင်းမယ်တဲ့၊ ကျွန်တော့်ကိုအတင်းထိုးခိုင်းလို့ ထိုးတာပါဆိုပြီး။ အဲ့ဒါနဲ့ ကျောင်းသားမိဘတွေကို စည်းရုံးရင်းနဲ့ မိဘတယောက် ရလာတယ်။ အဲ့ဒါက ၁၂ ရက်မှာလား၊ ၁၄ ရက်မှာလားမသိဘူး၊ ရလာတော့ ကျွန်တော် မဝတရုံးကိုခေါ်သွားတယ်။ မဝတရုံးမှာ ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးလည်းရှိတယ်။ မေးမြန်းတာ အကြာကြီးပဲ။ ၃ နာရီကတည်းကသွားတာ၊ ည ၇ နာရီအထိပေါ့။ ကျွန်တော်တို့ကိုလည်းမေး၊ သူတို့ကိုလည်း မေးပေါ့။ မေးပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးက နောက်နေ့ကို ရဲစခန်းကိုလာခဲ့ပါ၊ ညနေ ၄ နာရီကျရင် အမှုလာဖွင့်ပါဆိုပြီး ကျောင်းသားမိဘကိုပြောတယ်။ ကျောင်းသားမိဘ နာမည်နဲ့ ကျောင်းသားကိုတော့ သူတို့ လျှို့ဝှက်ထားပေးပါ့မယ်တဲ့။ အဲ့ဒါနဲ့သူတို့က အမှုဖွင့်ပါတယ်” လို့ ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။
အဲ့ဒီ့လို အမှုဖွင့်ပြီးနောက်ပိုင်းမှာ သူတို့ရဲ့ မဒရ်ဆာနူရ်ရွန်အစ္စလာမ်ကျောင်းကို Facebook အကောင့်တုတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
“ကျောင်းသားမိဘ တယောက်မှလည်း မတိုက်ခိုက်ပါဘူး။ မသက်ဆိုင်တဲ့သူတွေက တိုက်ခိုက်နေတာ။ မသက်ဆိုင်တဲ့ Facebook အကောင့်တုတွေက ကျွန်တော်တို့ကိုရော၊ တခြား မဆိုင်တဲ့သူတွေ အားလုံးကိုရော ဝေဖန် တိုက်ခိုက်နေတဲ့အတွက် အဲ့ဒါအတွက် ၆၆ (ဃ) ဖွင့်ဖို့ကို ရှေ့နေနဲ့တိုင်ပင်ပြီးလုပ်နေပါပြီ။ ကျွန်တော်တို့ကျောင်းမှာ အရင်က ဒီဖြစ်စဉ်မျိုး မရှိခဲ့ဖူးပါဘူး။ အဲ့ဒါကိုလည်း အကောင့်တုတွေကနေ ဖြစ်ခဲ့ဖူးတယ်ဆိုပြီး ရေးနေကြတယ်” လို့ ဂေါပကဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိမှာတော့ ဂေါပကအဖွဲ့အနေနဲ့ကတော့ ကျူးလွန်သူတွေ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“လွန်ခဲ့တဲ့ သုံး၊ လေးရက်လောက်က ကြားတာတော့ တယောက်ကတော့ တောင်ကြီးမှာလို့ကြားတယ်။ နောက်တယောက်ကတော့ လူမှုကွန်ရက်မှာလည်း သတင်း တက်လာတယ်၊ ဘန်ကောက်မှာလို့ ကြားတယ်။ တကယ့်တကယ်ကတော့ ရဲဘက်ကကြိုးစားဖမ်းမယ်ဆို ဘယ်နိုင်ငံပဲရောက်ရောက် မိပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီဥပဒေကရှိတာပဲလေ။ ဒီအဖြစ်မျိုးကို ဘယ်နိုင်ငံကမှ လက်ခံမှာလည်းမဟုတ်ဘူး။ အဲ့တော့ ပြည်သူ့ရဲဘက်ကလည်း လုပ်မယ်၊ ကျွန်တော်တို့ကလည်း သတင်းပေးမယ်၊ ပံ့ပိုးပေးမယ်ဆိုရင် အဲ့ဒီ့နိုင်ငံမှာရှိတဲ့ရဲနဲ့ ပူးပေါင်းပြီးတော့လည်း ဖမ်းလို့ရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောင်းလုံခြုံရေးအတွက်သာမက အလားတူဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက်ကိုပါ ရည်ရွယ်ပြီး အဲ့ဒီ့ကျောင်းရဲ့ နေရာတိုင်းမှာ CCTV တွေ တပ်ဆင်ထားကာ ၂၄ နာရီ မှတ်တမ်းတင်ထားနိုင်ဖို့အတွက် မီးပျက်ချိန်တွေမှာ မီးရရှိနိုင်အောင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
ကျောင်းဂေါပကအဖွဲ့အနေနဲ့ ဒီဖြစ်စဉ်ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ စတင် သိရှိခဲ့တာဖြစ်ပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှသာ ကျောင်းဆရာနှစ်ယောက်ကို ခံဝန်ကတိနဲ့ အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နစ်နာသူ ကျောင်းသားမိဘတွေဘက်ကလည်း ကျူးလွန်သူတွေ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံစေရေး ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်နောင် မည်သည့်ကျောင်းမှာမဆို အလားတူကိစ္စရပ်မျိုး ဖြစ်မလာစေရေး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီနှစ်ယောက် ပြစ်ဒဏ်ကျခံပြီးသွားရင်လည်း နောက်နောင် နောက်ထပ်ကျောင်းတွေမှာ ဒီပြဿနာတွေက ထပ်ဖြစ်လာဦးမှာပဲ။ ထပ်မဖြစ်လာရေးအတွက်ပါ ဖိအားပေးဖို့အတွက် ကျောင်းတွေကို စနစ်တကျနဲ့ အုပ်ချုပ်ရေးပိုင်းမှာရော၊ ကော်မတီတွေမှာရော၊ မိဘတွေရော ဖိအားပေးဖို့ရှိတယ်။ ပတ်ဝန်းကျင်ကရော ဒါကို ရေငုံနှုတ်ပိတ်မနေဘဲနဲ့ ထိရောက်တဲ့ သတင်းဖြန့်ဝေမှုတွေအထိပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ရှိပါတယ်” လို့ နစ်နာသူ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
သူ့အနေနဲ့ ဒီဖြစ်စဉ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှသာ သိရှိခဲ့တာဖြစ်ပြီး သိသိချင်းမှာ မယုံနိုင်အောင် အံ့ဩတုန်လှုပ်ခဲ့ရတယ်လို့ အဲ့ဒီ့ နစ်နာသူ ကျောင်းသားမိဘက ပြောပါတယ်။
“ဘာသာရေးကျောင်းဆိုတာက ဗုဒ္ဓဘာသာမှာရော၊ အစ္စလာမ်ဘာသာမှာရော၊ ဘာသာတိုင်းမှာ ဒီ ဘာသာရေးကျောင်းဆိုတာ ကလေးတွေ လိမ္မာယဉ်ကျေးရေးအတွက်၊ ကလေးတွေ လူပီသရေးအတွက်ကို သင်ကြားပေးနေတဲ့ ကျောင်းတခု။ နောက်တခုက ကျွန်တော်တို့က ယုံကြည် စိတ်ချစွာ ကလေးတွေကို သွားအပ်ထားတာလေ။ အဲ့ဒီ့လို ယုံကြည်ထားတဲ့ကျောင်းတွေမှာ အတွင်းထဲမှာ ဒီအခြေအနေဆိုးတွေကို ကလေးတွေ ရင်ဆိုင်နေရတာကို သိသိချင်းမှာပဲ လူက တော်တော်ကို တုန်လှုပ်သွားတယ်။ တော်တော်လည်း ရင်ကွဲရတယ်။ ဒါကို ဘယ်လိုမှ ဖြေမဆည်နိုင်အောင် ဖြစ်ရတယ်။ ရက်စက်လိုက်လေခြင်း ဆိုတဲ့ ခံစားချက်ကတခု၊ နောက်တခုက ဒီလို ဘာသာရေးကျောင်း ခေါင်းစဉ်အောက်မှာ၊ ဒီလိုမျိုး ကျောင်းတွေထဲမှာ ဒါတွေဖြစ်နေလားဆိုတာကို ဘယ်လိုမှ ဖြေမဆည်နိုင်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ကျူးလွန်သူတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့အခါ ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားတဲ့အတွက် မိဘတွေကို ပြန်မပြောကြတာလို့ သူက ပြောပါတယ်။
ကျောင်းသားကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ မော်လဝီမူဆာနဲ့ မော်လဝီအဗ္ဗဒူလ်ရာရှစ်တို့ကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက စုံစမ်း ဆောင်ရွက်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မနေ့ ဒီဇင်ဘာလ ၁၈ ရက်မှာ မီဒီယာတွေကို အသိပေး ပြောကြားထားပါတယ်။