တနှစ်နီးပါးကာလအတွင်း ကုမ္ပဏီပေါင်း ၆၀၀၀ ကျော် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရ

 

ဒီဇင်ဘာ ၂၁ – ၂၀၂၃

SN (VOM)

အခု ၂၀၂၃ နှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလဝက်ထိ ကာလအတွင်း မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီ စုစုပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

နှစ်စဉ်အစီရင်ခံစာတင်ပြဖို့ ပျက်ကွက်တာကြောင့် ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ အေဂျင်စီကုမ္ပဏီတွေ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဌာနအနေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်နေတာဖြစ်ပြီး အခု ဒီဇင်ဘာ လဝက်အထိ ကုမ္ပဏီ စုစုပေါင်း ၆၂၅၀ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အဓိကကတော့ လက်ရှိ ပြည်တွင်းက အခြေအနေတွေအရ အားလုံးက လုပ်ရကိုင်ရခက်နေတဲ့ အနေအထားပေါ့။ ကိုဗစ်ဖြစ်တယ်၊ အဲ့ဒီ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်တယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းဘူး၊ ကုန်စည် စီးဆင်းမှု ပြတ်တောက်နေတယ်၊ နောက်တခုက ဘဏ်မှာ ငွေထုတ်ရတဲ့အခက်အခဲပေါ့။ အခုလက်ရှိ ဖြစ်နေတာကတော့ စက်သုံးဆီပြဿနာ စသဖြင့်ပေါ့။ အခက်အခဲတွေအများကြီး စုပြုံပြီး ဖြစ်နေတဲ့အခါကျတော့ လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်လာကြတယ်။ စာရင်းရှင်းတမ်းတွေကို အချိန်မီမလုပ်နိုင်တဲ့ အခြေအနေတွေလည်းရှိတယ်။ ငွေကြေးပိုင်းမှာလည်း ဘဏ်တွေကနေ ငွေထုတ်ရတဲ့အခက်အခဲကလည်း ရှိတော့ ဒီပေါ် မှာမူတည်ပြီး ဆက်ပြီး ရင်းနှီးပြီး လုပ်ငန်းလည်ပတ်ဖို့က အခက်အခဲတွေအများကြီး ရှိနေကြတယ်။ တချို့ ရပ်နားထားရတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ အထူးသဖြင့် မြင်သာအောင် ပြောရရင် ခရီးသွားလုပ်ငန်းတွေပေါ့။ အများစု ရပ်ထားကြရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီအားလုံးဟာ အီလက်ထရောနစ်စနစ်နဲ့ Myanmar Companies Online (MyCo) မှာ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို တည်ထောင်တဲ့ နေ့ကနေ နှစ်လအတွင်းနဲ့ နှစ်စဉ် အနည်းဆုံး တကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တလထက်နောက်မကျဘဲ) တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Struck Off (မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားတဲ့ ကုမ္ပဏီဟာ မှတ်ပုံတင်စာရင်းမှာ ပြန်လည် ပါဝင်လိုတဲ့အခါ တရားရုံးကို ဦးတိုက် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

အစီရင်ခံစာ နောက်ဆုံးတင်ပြရမယ့်ရက်ကို ကုမ္ပဏီပရိုဖိုင်းမှာ ဖော်ပြထားပြီး အဲ့ဒီ့ရက်မတိုင်ခင် မှတ်ပုံကြေး ကျပ် ငါးသောင်း ပေးသွင်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

AR တင်ပြရမယ့်ရက် ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်ရင် နောက်ကျကြေး (Late Fee) ကျပ် တသိန်း ပေးသွင်းရမှာဖြစ်ပြီး တင်ပြရမယ့်ရက်ထက် ၂၈ ရက်ကျော်လွန်သွားရင်တော့ ဆိုင်းငံ့ (Suspended) ဖြစ်သွားတာကြောင့် ဆိုင်းငံ့စာရင်းကနေ ပယ်ဖျက်ပေးဖို့ ပုံစံ 1-9D နဲ့ တင်ပြရတဲ့အတွက် မှတ်ပုံတင်ကြေး ကျပ်တသိန်း ထပ်မံ ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိရင် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်ပြီး ပယ်ဖျက်ပြီး ကုမ္ပဏီအမည်ကို ပြန်လည်အသက်သွင်းလိုရင်တော့ ကုမ္ပဏီအနေနဲ့ တရားရုံးကင်းလွတ်ခွင့်အမိန့်နဲ့ MyCO မှာ ပုံစံ 1-5 နဲ့ ပြန်လည် တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီများပယ်ဖျက်စာရင်း (Struck-Off) မှာ ဖော်ပြခြင်းခံရတဲ့ ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိဖို့ လျှောက်ထားရတဲ့ ကုန်ကျစရိတ်အပြင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက် လိုက်နာဖို့ ပျက်ကွက်ထားကြောင်း ကုမ္ပဏီရဲ့ပုံရိပ် ကျန်ရှိနေမှာဖြစ်တဲ့အတွက် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်းကို အထူးဂရုပြု ဆောင်ရွက်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ပြည်တွင်းက မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေအပြင် နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပါ စီးပွားရေးလုပ်ကိုင်ရခက်တဲ့ အနေအထားကြောင့် လုပ်ငန်း ရပ်ဆိုင်းရတာတွေ ရှိနေပါတယ်။

Photo: VOM

 

Related posts

Leave a Comment

VOM News

FREE
VIEW