ဒီဇင်ဘာ ၂၄ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မြင်ချင် (ဒေသအခေါ် မြင်းချင်းကျေးရွာ)မှာ ဒီမနက် အစောပိုင်းကစလို့ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ထိခိုက် သေဆုံးသူတွေရှိကာ လူနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဒီမနက် ၃ နာရီလောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့ လူ ၄၀၀ ကျော်ဝန်းကျင်က လာရောက်တိုက်ခိုက်တယ် ၊ ရွာထဲက လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အခု နေ့ခင်းအထိ မီးလောင်နေတုန်းဖြစ်တယ် ၊ ရွာခံ မခက်ခက်ဦး ၂၃ နှစ် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ် ၊ နစက လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရတာတွေရှိတယ် ၊ မြင်းချင်းရွာခံ လူ ၂၀ လောက်လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ် ” လို့ ဒေသခံ ပရဟိတ သမား တယောက်က ပြောပါတယ်။
မြင်းချင်းရွာက လူနေအိမ်တွေ မီးလောင်ပျက်စီးပြီး ထိတွေ့တိုက်ပွဲတွေကြောင့် ရွာခံအရပ်သားတွေနဲ့ ကလေးသူငယ် ၂၅၀ ကျော်ဟာ ဇီးကုန်းလေး စာသင်ကျောင်းမှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြင်ချင်ရွာကို ဒီမနက်အစောပိုင်း ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတယ် ၊ လူနေအိမ်တွေ မီးလောင်တယ်လို့ ကနဦး သိရတယ် ၊ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုဖြစ်စဥ်တွေမှာ နိုင်ငံအဝှမ်း မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး လေ့လာနေသူ တယောက်က
” ၂၀၂၁ ပဋိပက္ခတွေမှာ မီးလောင်မှုဖြစ်စဥ်တွေ စတင်ဖြစ်ပေါ်ခဲ့တာ မကွေးတိုင်း ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကင်းဖျားကျေးရွာကဖြစ်တယ် ၊ အဲ့ဒီကနေတဆင့် ကယားပြည်နယ် ၊ မိုးဗြဲမြို့ဘက်နဲ့ ရန်ကုန် လှိုင်သာယာ ၊ နောက်ပြီး ချင်းပြည်နယ် ၊ ထန်တလန်း စတဲ့ နေရာတွေ စတင်လောင်ခဲ့တယ် ၊ အဲ့ဒီကနေ တဆင့် ၂၀၂၂ တနှစ်ပတ်လုံးမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဂန့်ဂေါခရိုင်ဘက်တွေမှာ နေရာအတော်များများ လောင်တယ် ၊ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ ရွှေဘို ၊ ဝက်လက် ၊ မြင်းမူ ၊ မြောင် ၊ တားလင်းကြီး ၊ အရာတော် စတဲ့ မြို့နယ်တွေဘက်မှာ နှစ်ကျော့ပြန် ၊ သုံးကျော့ပြန် မီးလောင်ခံရတဲ့ ရွာတွေရှိတယ် ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်မှာ မီးလောင်လို့ ရွာလုံကျွတ် အခုထိ ဇီးရိုးဖြစ်သွားတဲ့ ရွာတွေ ဆယ်ရွာထက်မနည်း ရှိတယ် ” လို့ပြောပါတယ်။
၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံနဲ့အဝှမ်းမှာ လူနေအိမ် ၁ သိန်းနီးပါး မီးရှို့ဖျက်စီးခံရတယ်လို့ ISP Myanmar က ဖော်ပြထားတာေတွ့ရပါတယ်။