စက်သုံးဆီ ပြတ်လပ်လာပြန်လို့ တန်းစီ ဝယ်ယူနေရပြီး ဆိုင်တချို့ အရောင်းပိတ်ထားပြန်

 

ဒီဇင်ဘာ ၂၄ – ၂၀၂၃

SN (VOM)

ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းတွေမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စက်သုံးဆီတွေ ပြန်လည် ပြတ်လပ်လာတာကြောင့် ကားတွေ ပြန်တန်းစီနေရသလို အရောင်းပိတ်ထားတဲ့ ဆိုင်တချို့လည်း ရှိတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။

“အခြေအနေကတော့ အခု အစောကြီးထပြီး တန်းစီလာရတယ်။ ဆီကတော့ လိုသလောက် ဝယ်လို့ ရနေသေးတယ်။ ဒါပေမယ့် ဆီဈေးကတော့ ၂၅၀၀ ကျော်သွားပြန်ပြီ။ ဆိုင်တွေကတော့ ဆီဘောက်ဆာကား မရောက်သေးရင် အရောင်းပိတ်ထားကြတယ်။ တချို့ဆိုင်တွေကျတော့လည်း 95 တမျိုးပဲရတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

တချို့ ဆီဆိုင်တွေမှာ 92 အောက်တိန်း တမျိုးသာရပြီး တချို့ဆိုင်တွေမှာတော့ 95 တမျိုးသာသာရကာ တချို့ဆိုင်တွေကတော့ သီလဝါကနေ စက်သုံးဆီ ထုတ်ယူနေတာဖြစ်တဲ့အတွက် ခေတ္တအရောင်းပိတ်ထားကြတယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်ကြောင့် ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အဲ့ဒီ့ မူဝါဒသစ်မှာ ရန်ကုန် သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်ယူမှုအတွက် စက်သုံးဆီခွဲတမ်း (Purchase Order-PO) ခွင့်ပြုမှုကို ထုတ်ယူရမယ့်နေ့အလိုက် သက်တမ်း သုံးရက်သာ သတ်မှတ်ပေးထားပြီး PO သက်တမ်း သုံးရက်အတွင်း ဆီထုတ်ယူနိုင်ခြင်း မရှိရင်တော့ အဲ့ဒီ့ ဆီခွဲတမ်းတွေကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ သတ်မှတ်ထားတဲ့ သုံးရက်က ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ဆီထုတ်ဖို့အတွက် သီလဝါမှာ တန်းစီရတာတင် သုံးရက်လောက်ကြာတယ်။ ဒါကို PO အတွက် သုံးရက်ပဲအချိန်ပေးတော့ ဘယ်လိုလုပ် အလျင်မီတော့မှာလဲ။ နယ်ဘက်တွေဆို ပိုးဆိုးမယ်။ စီမံခန့်ခွဲမှုတွေ တအားညံ့ဖျင်းလွန်းတယ်။ ဆီရှိရင်တောင် ဘယ်လိုမှ အချိန်မီမထုတ်နိုင်ဘူး” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လတ်တလော ဆိုင်ကြီးတွေမှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေတာကြောင့် ပြင်ပ မှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တလီတာကို ၃၅၀၀ ကနေ ၄၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးတင် ရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူတွေအနေနဲ့ စက်သုံးဆီကို ဈေးကစားတာ၊ သိုလှောင်တာ၊ ဈေးတင်ရောင်းချတာတွေ မလုပ်ကြဖို့ အသိပေး ပြောဆိုထားပြီး ပြုလုပ်ခဲ့ရင်တော့ အရေးကြီးကုန်စည် ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ရန်ကုန်တိုင်းအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီနဲ့ ဓါတ်ဆီ စုစုပေါင်း ၈၅၆၅ ဂါလံ၊ တန်ဖိုးငွေ ကျပ် ရှစ်ရာလေးဆယ့်လေးသိန်း ခြောက်သောင်းငါးထောင့်ကိုးရာကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တရားမဝင် စက်သုံးဆီတွေကို ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပြီး အဲ့ဒီ့လို ဖမ်းဆီးရရှိမှုတွေကို ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ရှိ ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းတွေလည်း ပြန်လည် မြင့်တက်နေပြီး 92 တလီတာ ၂၅၆၀ ကျပ်၊ 95 တလီတာ ၂၆၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၆၅ ကျပ်အထိ ရောက်ရှိနေကာ ပြီးခဲ့တဲ့ တပတ်က ထုတ်ပြန်ထားတဲ့ ဈေးနှုန်းထက် ဓာတ်ဆီ တလီတာ ကျပ် ၁၀၀ ကျော်နဲ့ ဒီဇယ် တလီတာ ကျပ် ၂၀၀ ကျော်အထိ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW